ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 18, 2009

ကိုဖိုးဖြူကို ထောင်ချလိုက်သည့် ပုဒ်မများသည် ဖျက်သိမ်းသင့်သည့် ဥပဒေများဖြစ်သည်ဟုဆို

ဖြိုးကြီး

နိုင်ငံရေးအမှုများကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် လူငယ်ရှေ့နေ ကိုဖိုးဖြူကို ထောင်ဒဏ်ချမှတ်လိုက်သည့် ဥပဒေသည် တရားမျှတမှုမရှိသည့်အပြင် ဖျက်သိမ်းသင့်သည့် ဥပဒေများဖြစ်သည်ဟု ဆိုသည်။

မကွေးတိုင်းတရားရုံးအတွင်း အထူးခုံရုံး၌ ယမန်နေ့က ထောင်ဒဏ်လေးနှစ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ၎င်း၏လုပ်ဖောက်ကိုင်ဖက် တဦးဖြစ်သူ ရှေ့နေ ကိုစောကျော်ကျော်မင်းက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

“ကိုဖိုးဖြူကို အခုချလိုက်တာက အသင်းအဖွဲ့ပုဒ်မ (၆) လား၊ ဒါမှမဟုတ် မတရားအသင်းဆက်သွယ်မှု (၁၇/၁)၊ (၁၇/၂) လားဆိုတာကို ကွဲကွဲပြားပြား မသိရဘူးဖြစ်နေတယ်၊ ဒါပေမဲ့ အဲဒီပုဒ်မတွေ နှစ်ခုစလုံးက ပြင်ဆင်ဖျက်သိမ်းသင့်တဲ့ ပုဒ်မတွေပါ” ဟု ပြောသည်။

ကိုဖိုးဖြူအား ယခုခဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းကို မိသားစုဝင်များကလဲ သိခွင့်မရသေးဘဲ အတည်မပြုနိုင်သေးသည့် သတင်းအရ သရက်ထောင်တွင် ထားရှိသည်ဟု မကွေးမြို့ခံတဦးက ပြောသည်။

ကိုဖိုးဖြူသည် မကွေးတိုင်းမှ လယ်မြေသိမ်းဆည်းခံရမှုကို (ILO) သို့ တိုင်ကြားခဲ့သည့်အတွက် အဖမ်းခံခဲ့ရသည့် အောင်လံမြို့မှ ကိုဇော်ဌေးအမှုကို လိုက်ပါဆောင်ရွက်ပေးနေစဉ် ဖမ်းဆီးခံရပြီး ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။

နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ လူငယ်ရှေ့နေ ကိုညီညီထွေးကိုလဲ ထောင်ဒဏ်များချမှတ်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာသည့် လူငယ်ရှေ့နေ ကိုစောကျော်ကျော်မင်းကိုလဲ မျက်ကွယ်ထောင်ဒဏ် (၆) လ ချမှတ်ထားသည်။

No comments:

Post a Comment