ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 19, 2009

ရေရှားပါးမှုနောက်ဆက်တွဲရောဂါများ စတင်ဖြစ်ပွားနေ

ဖြိုးကြီး

ဘိုကလေးမြို့နယ်အတွင်းရှိ ပင်လယ်ဝကျေးရွာများတွင် ရေရှားပါးမှုပြဿနာကြောင့် နောက်ဆက်တွဲရောဂါများ စတင်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ကြိမ်ချောင်းကြီးကျေးရွာ၊ ရေကျော်ကြီး၊ မုန်တိုင်းလေး၊ ဒညင်းဖြူနှင့် ပင်လယ်ဝကျေးရွာများတွင် သောက်သုံးရေ မရှိတော့သည့်အတွက် ရေငံဝင်နေသည့် ရေများကို သုံးစွဲနေကြရပြီး အချို့ကျေးရွာများတွင် ဝမ်းလျောဝမ်းပျက်ရောဂါ၊ ဝမ်းကိုက်ရောဂါများ စတင်ဖြစ်ပွားနေကြောင်း (NGO)အဖွဲ့အစည်းတခုတွင် လုပ်ကိုင်နေသည့် ဒေသခံအမျိုးသမီးတဦးက ပြောသည်။

“ကြိမ်ချောင်းကြီး အောက်ဘက်ရွာတွေကို မော်တော်နဲ့ သယ်ပြီး ရေပို့ပေးနေရတယ်၊ လုံလုံလောက်လောက်တော့ မပေးနိုင်သေးဘူး၊ ထပ်ဝေပေးနိုင်ဖို့ ဝန်ထမ်းအင်အားလဲ ထပ်ခေါ်နေတယ်၊ အခုပြဿနာက သောက်ရေ တော်တော်ရှားပါးနေတာ၊ ဒီရက်ပိုင်းအတွင်းမှာ တော်တော်များလာတယ်၊ အရင်က သူတို့ရွာတွေမှာ သောက်လို့ရတဲ့ ရေကန်တွေရှိတယ်၊ မြစ်ရေကို ကျိုသောက်တာလဲရှိတယ်၊ အခု မြစ်ရေက ရေငံတိုးလာလို့” ဟု ၎င်းက ပြောသည်။

လူမှုအထောက်အကူပြု (NGO)အဖွဲ့က သောက်သုံးရေ တအိမ်လျှင် ၅ လီတာ ပေးဝေနေသော်လည်း လုံလောက်မှုမရှိသည့်အတွက် အသွားအပြန် တနေ့ခရီးကြာမြင့်သည့် ကဒုံကနိကျေးရွာဘက်တွင် လှေများဖြင့် သွားဝယ်ယူနေရကြောင်း ဒေသခံတဦးက ပြောသည်။

“ကျနော်တို့ကို အကူညီပေးတဲ့ အဖွဲ့တွေက ရေဝေတာက မလောက်ဖူး၊ ကဒုံကနိရွာက တုံကင်မှာ တပုံးကို ၁၀၀ နဲ့ သွားဝယ်ရတယ်၊ ရေတစည်ကိုဆိုရင် ၁၂၀၀ ပေးရတယ်၊ ကျနော်တို့ဆီကနေသွားတာ တနေကုန်တယ်၊ သောက်ရေအတွက် ဝယ်သောက်ရင် တလီတကို ၆၀၀ ပေးရတယ်၊ ဘိုကလေးမြို့ပေါ်မှာတော့ ၄၀၀ နဲ့ ဝယ်သောက်ရတယ်” ဟု ပြောသည်။

ရေကျော်ကြီးကျေးရွာတွင် အိမ်ထောင်စုပေါင်း ၃၀၀ ကျော်ရှိပြီး အခြားကျေးရွာများတွင်လည်း အိမ်ခြေ ၅၀ မှ ၃၀၀ ဝန်းကျင်အထိရှိကာ ယခုကဲ့သို့ သောက်သုံးရေပြတ်လပ်မှုကြောင့် မလိုလားအပ်သည့် အခြားကျန်းမာရေးထိခိုက်များ ရှိလာနေကြောင်း ဒေသခံက ဆက်ပြောသည်။

ယင်းကဲ့သို့ သောက်သုံးရေပြတ်လပ်မှုဖြစ်နေချိန်တွင် သက်ဆိုင်ရာအာဏာပိုင်များက အကူညီပေးခြင်းမရှိသေးကြောင်းနှင့် လက်ရှိ ရေပေးဝေနေသည့် လူမှုအထောက်ကူပြု (NGO)အဖွဲ့အနေဖြင့်လည်း လုံလောက်စွာ ပေးဝေနိုင်ခြင်းမရှိသည့်အတွက် စိုးရိမ်ရသည့်အခြေအနေကို ရောက်နေသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် လပတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ရေပြတ်လပ်မှုပြဿနာများ ကြုံတွေ့နေရပြီး လုံလောက်သည့် အကူအညီများ မရရှိသေးသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ဒေသခံများက တင်ပြတောင်းဆိုမှုများ ပြုလုပ်ထားသည်ဟု ဆိုသည်။

No comments:

Post a Comment