ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Mar 18, 2009

အလုပ်သမ ၄ ဦးကို ရိုင်းစိုင်းစွာ ဆက်ဆံနှင်ထုတ်လိုက်သည့်အတွက် သက်ဆိုင်ရာသို့ တိုင်ကြားမည်ဟုဆို

ရိုးမ ၃

အထည်ချုပ်စက်ရုံမှ အလုပ်သမ ၄ ဦးကို အလုပ်ကြီးကြပ်ရေးမှူးက ရိုင်းစိုင်းစွာပြောဆိုဆက်ဆံပြီး နှင်ထုတ်လိုက်သည့်အတွက် သက်ဆိုင်ရာသို့ တိုင်တန်းမည်ဟု ဆိုသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြို့နယ်၊ လေးထောင့်ကန်ရပ်ကွက် အရှေ့ပိုင်းရှိ ဟာကျူရီ အထည်ချုပ်စက်ရုံတွင် အလုပ်ကြီးကြပ်ရေးမှူး ဒေါ်အေးအေးအောင်က အလုပ်သမားကို နိုင်ထက်စီးနင်း ခိုင်းစေမှု၊ ရိုင်းပြညစ်ညမ်းစွာ ပြောဆိုဆက်ဆံမှု၊ အချိန်ပိုဆင်းပြီး လုပ်အားခအပြည့် မပေးသည့်အပြင် ယခုလ (၁၆) ရက်နေ့တွင် အလုပ်မှ နှင်ထုတ်လိုက်ခြင်းတို့ကြောင့် ဖြစ်သည်။

“မနက်ပိုင်းမှာ သမီးက ငိုနေတာကို အလုပ်သမားခေါင်းဆောင်က နင့်မျက်ရည်ကျတာ ကျက်သရေ ရုတ်တယ်၊ အပြင်ကိုထွက်ဆိုပြီး ပြောတာ၊ နင်မလုပ်ချင်ရင် ပြန်သွားလိုက်၊ နင်မရှိလဲ တခြားလူတွေရှိတယ်၊ သူပြောတာတွေက တော်တော်ရိုင်းရိုင်းစိုင်းစိုင်း မအေနှမတွေပါ ပါတယ်” ဟု ကာယကံရှင် အလုပ်သမတဦးက ပြောသည်။

ယင်းကဲ့သို့ ပြဿနာဖြစ်ပွားပြီး နေ့လည်ထမင်းစားချိန်တွင် ၎င်းအလုပ်သမ ၄ ဦးက အိမ်သို့ ပြန်သွားပြီး သက်ဆိုင်ရာ ရပ်ကွက်(ရယက)ရုံးသို့ တိုင်ကြားပြီးနောက် အဆိုပါ အလုပ်ကြီးကြပ်ရေးမှူးကို ခေါ်၍ မေးမြန်းမှုများ ပြုလုပ်သော်လည်း ဝန်ခံခြင်းမရှိသည့်အပြင် ရပ်ကွက်ရုံးလူကြီးများကလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ရုံးကိုရောက်တော့ သူတို့က မပြောပါဘူးဆိုပြီး ဘူးခံနေတယ်၊ ရပ်ကွက်လူကြီးတွေက အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တာကို မတောင်းဆိုဘဲနဲ့ ညှိနှိုင်းတာပဲ လုပ်ပေးတယ်တဲ့အတွက် မကျေနပ်လို့ သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနအထိ တိုင်မယ်” ဟု ပြောသည်။

အဆိုပါ ဟာကျူရီ အထည်ချုပ်စက်ရုံတွင် အလုပ်သမားများအား လစာထုတ်ပေးရာတွင် အချိန်ပိုလုပ်အားခကို ထည့်သွင်းရှင်းပေးခြင်းမရှိကြောင်း အလုပ်သမတဦးက ဆက်ပြောသည်။

“ပြီးခဲ့တဲ့လက လခလဲ အပြည့်မရဘူး၊ လေးသောင်းကျော်ရမှာ၊ အခုက နှစ်သောင်းကျော်ပဲ ရှင်းပေးတယ်၊ အချိန်ပိုနဲ့ဆို လေးသောင်းလောက်ရမယ်၊ သမီးတို့ နေမကောင်းလို့ အလုပ်တရက်နားတာကို ဆဲဆိုတာတွေ လုပ်တော့ မကျေနပ်ဘူး၊ အလုပ်သမားတွေ အကုန်လုံးက အဲဒီအတိုင်းပါပဲ၊ ဒါပေမဲ့ သင်္ကြန်မုန့်ဖိုးပေးမှာကို စောင့်နေကြတာ၊ ထွက်မယ်လို့ ပြောနေတာတွေကတော့ သမီးတို့ တလိုင်းလုံးပဲ” ဟု ပြောသည်။

No comments:

Post a Comment