သိုက်စေါင့်
ကျီးပြိုတယ်
မြို့မှာ
ကျောက်ခေတ်ဆန်ဆန် စည်ကားတယ်
စိတ်ကူးယဉ်ဝါဒကို
တီရှပ်ပွပွမှာ တံဆိတ်ရိုက်နှိပ် ဝတ်ဆင်တယ်။
သောကများ
အရောင်အသွေးစုံ ဆန်းပြားလှချည်ရဲ့
ကွယ်
ရေမြောင်းမှာ အမှိုက်တွေ ဆို့နေပါပေါ့လား
နောက်ဖေး အခန်းထဲမှာ
ကြွက်တွေ ခေါင်းမီးတောက် နေပါပေါ့လား
ထိုသို့သော အရပ်မှာ
ဖိနပ်ပါးပါးကလေး ပြတ်ခဲ့
ထိုသို့သော အရပ်မှာ
ဆံပင်များ အလျားရှည်ခဲ့။
မြက်လို
လဲလျောင်းပျပ်ဝပ် ရိုကျိုးခဲ့တာပါ
မြို့ကို
ကောက်ရိုးပုံစေါင့်ခွေးလို ထိုးထိုးဟောင်မိတာပါ
ကဗျာဆရာဖြစ်လာမှတော့
တစ္ဆေမကြောက်တော့ဘူးပေါ့ မေမေရယ်။ ။
ကြည်ဇော်အေး
(ရိုးရိုးသားသား သစ်သီး ကဗျာစာအုပ်မှ)
No comments:
Post a Comment