ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jun 29, 2010

စည်းဝိုင်းထဲက နိုင်ငံရေး

တူမောင်ညို။ ဇွန်လ ၂၉၊ ၂၀၁၀

(နအဖ) စစ်အုပ်စု စပွန်ဆာလုပ်တဲ့ “နိုင်ငံရေးအခင်းအကျင်း” ကတော့ တစ်စတစ်စ အသက်ဝင်လို့ လာနေပါပြီ။

မှတ်ပုံတင်ပြီးတဲ့ ပါတီစုစုပေါင်းကလည်း (၃၃) ပါတီ ရှိလာနေပါပြီ။ ဒီလိုမှတ်ပုံတင်ကြတဲ့ပါတီတွေထဲမှာ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်က ကချင်ပါတီတွေကတော့ “တည်ထောင်ခွင့်” လည်းမကျ၊ “မှတ်ပုံတင်ခွင့်” လည်း မရသေးပါဘူး။ ဒီပုံအတိုင်းသာဆိုရင်တော့ (နအဖ) စစ်အုပ်စုရဲ့ “ပါတီစုံ” ဆိုတာ ကချင်ပါတီတွေ မပါဝင်ရတဲ့ ပါတီစုံလို့ ပြောရတော့မယ် ထင်တယ်။ ကယားပါတီ တည်ထောင်တယ်/ မှတ်ပုံတင်တယ်လို့လည်း မတွေ့မိ မကြားမိပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုတော့ “NLD ပါတီဟောင်း” ဆိုပြီး မစ္စတာကပ်ကင်းဘဲ လာစဉ်က (နအဖ) ပြောခွင့်ရ အာဏာပိုင်က ထည့်သွင်းပြောဆိုသွားတာ ကြားလိုက်ရပါတယ်။ တည်ထောင်ခွင့်လျှောက်မယ့်ဒီချုပ်ထဲက “အပဲ့” ကို NLD ပါတီသစ်လို့ ရည် ရွယ်ချင်ပုံပါပဲ။ ဝံသာနု NLD ပါတီ ဆိုတာလည်း မှတ်ပုံတင်ထားပြီးပါပြီ။

ဘယ်သူမှအတိအကျမပြောနိုင်တာ တစ်ခုရှိပါသေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ဘယ်လ/ ဘယ်နေ့ရက်မှာ ကျင်းပမှာလဲ။ ဂျင်ဝဘ်က (၁၀/၁၀/၁၀) တဲ့။ (တစည) ကတော့ “အောက်- နို- ဒီ” တစ်လလမှာ ဖြစ်နိုင်တယ်တဲ့။ ခန့်မှန်းချေပဲ ပြောနိုင်ကြတယ်။ ဘယ်သူမှ နေ့ရက်အတိအကျမပြောနိုင်ပါဘူး။ အမျိုးသားရေးဦးဝင်းနိုင်ကတော့ ရွေးကောက်ပွဲကို ၂၀၁၁ သို့ ရွှေ့ပြောင်းဖို့ပြောနေတယ်။
ရွေးကောက်ပွဲနေ့ရက်အတိအကျထုတ်ပြန်ကြေညာနိုင်ရေးထက် ပိုလို့အရေးကြီးတဲ့ ကိစ္စတစ်ခုရှိပါသေးတယ်။

သမ္မတအဖြစ်ဘယ်သူ့ကိုတင်မလဲ။
ကာကွယ်ရေးဦးစီးချုပ် ဘယ်သူလုပ်မလဲ။
ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် ဖြေရမယ့်မေးခွန်း ဖြစ်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီးက သက်တမ်းစေ့ရုံတင် မကဘူး၊ အိပ်စပိုင်ယားတောင် ဖြစ်နေပါပြီ။ ဒါပေမယ့် ကိုင်ထားတဲ့ အာဏာနဲ့တပ်ကို လက်လွှတ်လိုက်ရင် ဘာဖြစ်သွားနိုင်တယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီး ကောင်းကောင်းသိတယ်။ ဒီအသက်ဒီအရွယ်မှာ “အများဗိုလ်လူပင်စင်ယူ” ပေမယ့် ဗိုလ်ချုပ်မှူးကြီး မယူဝံ့ပါဘူး။ ကာကွယ်ရေးဦးစီးချုပ် လုပ်ချင်သူတွေက ဗိုလ်ချုပ်မှူးကြီးနောက်မှာ တန်းစီနေပါတယ်။ တစ်ယောက်ထဲလည်း မဟုတ်ဘူး။ ဒီကိစ္စဟာ စစ်အုပ်စု ထိပ်သီးအာဏာပိုင်အသိုင်းအထဲက အဆုံးအဖြတ်အကျဆုံး ကိစ္စတစ်ခုဖြစ်ပါတယ်။

“နံပတ်ဝမ်း” ဆိုတာ တစ်ယောက်ထဲဘဲဖြစ်ရမယ် မဟုတ်လား။ ရှေ့က နံပတ်ဝမ်းက အိုမင်းလှပြီ။ နောက်မှာ နံပတ်ဝမ်း အလောင်း အလျာတွေ တန်းစီနေပြီ။ ထင်မြင်ယူဆချက်တွေကတော့ အမျိုးမျိုးကြားနေရတာပါပဲ။ ဘယ်သူဘာဖြစ်လာမလဲဆိုတဲ့ ဒီပွဲရဲ့အဆုံးအဖြတ်ကို ဘယ်သူမှ တိတိကျကျပြောနိုင်မှာ မဟုတ်ဘူး။ အဖြေထွက်လာတော့မှသာ သြော် ဒီလိုကိုးလို့ မှတ်ချက်ချကြရမှာပါ။ ဒါကိုတော့ ငွေရောင်ပိတ် ကားပေါ်မှာဆက်လက်စောင့်ကြည့်ဖိုထားခဲ့ကြပါစို့။

အခုမှတ်ပုံတင်ပါတီတွေ လှုပ်ရှားလာနေကြတယ်။ လှုပ်ရှားလိုက်တော့ အသံတွေထွက်လာတယ်။ ထွက်လာတဲ့အသံအများစုက မတရားဘူး၊ မညီမျှဘူး၊ မမျှတဘူးဆိုတဲ့ အသံတွေပဲဖြစ်တယ်။ သူတို့က အခုမှ စုကာစဖွဲ့ကာစ ပါတီတွေဆိုတော့ ငွေကြေး၊ စည်းရုံး ဖွဲ့စည်းရေး၊ သွားရေးလာရေးစတဲ့ ဘက်ပေါင်းစုံမှာ အခက်အခဲတွေ ရှိနေတယ်။ အများစုက အမတ်လောင်း (၁၀၀) ဝင်ရွေးနိုင်မယ့် အခြေအနေ မရှိကြဘူး။

သူတို့ ပထမဆုံးကြုံရတာ ရက်ပေါင်း (၉၀) အတွင်း လူ (၁၀၀၀) သို့မဟုတ် (၅၀၀) ပြည့်မီအောင် စုဆောင်းကြဖို့ဖြစ်ပါတယ်။ ဒီလိုစုဆောင်းရေးခရီးစဉ်မှာပဲ (စရဖ)ထောက်လှမ်းရေး၊ (SB) ထောက်လှမ်းရေးတွေက မှတ်ပုံတင်ပါတီတွေ သွားလေရာမှာ လူလုံးပြနေကြလို့ မထိပ်သာမလန့်သာဖြစ်ရတာတွေ၊ ရပ်ရွာပြည်သူများက စိုးရွံ့ထိပ်လန့်မှုတွေ ဖြစ်ရတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေတာ ကြားနေရပါတယ်။

မှတ်ပုံတင်ပါတီတွေကတချို့က “ကြံ့ဖွံ့ပါတီ” ကို ပြိုင်ဘက်လို့ သဘောထားကြောင်း ပြောသံလည်း ကြားလိုက်ရပါတယ်။ ဒီလိုပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီး ကြံ့ဖွံ့ပါတီဘက်က ပြန်ပြောသံ မကြားရသေးပါဘူး။ မတူလို့/ မမှုလောက်လို့ ပြန်မပြောတာ လားတော့ မသိပါဘူး။ စစ်အုပ်စု အမေတူအဖေကွဲ (တစည) အကိုကြီးက ကြံ့ဖွံ့ညီလေးကို ပြိုင်ဘက်လို သဘောထားတယ် လို့ပြောသံလည်း ကြားရပါတယ်။ ကြံ့ဖွံ့ညီလေး ပါတီဖွဲ့တာက (မဆလ) ကနေ (တစည) အဖြစ် ဘဝပြောင်းတာထက် ပိုပြီးဗြောင်ကျတယ်။ ကြံ့ဖွံ့ညီလေးက မှတ်ပုံတင်ပါတီအားလုံးထက် ခေါင်းရော၊ ခြေရော၊ လက်ရော ကဲတဲ့သာတဲ့ အရှင်မွေးနေ့ချင်းကြီး လူလွန်မသား ညီလေးဖြစ်တယ်။ စစ်အုပ်စုရဲ့အမွေခံခြေပြုပါတီဖြစ်တယ်။ ကြံ့ဖွံ့ပါတီအတွက် လူ(၁၀၀၀) ရဖို့ဆိုတာ ငှက်ပျောသီးအခွံနွှာရတာကမှ ခက်နေပါလိမ့်ဦးမယ်။

ကြံ့ဖွံ့က သူ့အဖွဲ့ဝင်အင်အား ၂၄ သန်း ကျော်ရှိတယ်လို့ ထုတ်ပြောဖူးတယ်။ ဒီပမာဏက တိုင်းပြည်လူဦးရေစုစုပေါင်း (၅၄ သန်းကျော်)ရဲ့ ၄၄ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ကြံ့ဖွံ့အဖွဲ့ဝင်တွေဟာ တောင်သူလယ်သမားတွေထဲမှာ ၃၅ ဒသမ ၆၆ ရာခိုင်နှုန်း၊ ကျောင်းသားလူငယ်ထဲမှာ ၂၉ ဒသမ ၃၂ ရာခိုင်နှုန်း၊ အလုပ်သမားထဲမှာ ၂၅ ဒသမ ၁၂ ရာခိုင်နှုန်း အသီးသီးရှိတယ်လို့ ၂၀၀၇ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က နေပြည်တော်မှာ ကြံ့ဖွံ့က လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကြံ့ဖွံ့ဌာနချုပ်တာဝန်ရှိသူ ဒေါ်သိန်းသိန်းကျော်က ထုတ်ဖော်ပြောခဲ့ဖူးတယ်။ ဒီစာရင်းက လွန်ခဲ့တဲ့ ၃ နှစ် ကျော်က စာရင်းဖြစ်ပါတယ်။ စစ်တပ်နဲ့ ဝန်ထမ်းတွေထဲက ကြံ့ဖွံ့အင်အားတွေ မပါသေးဘူး။ အဆောက်အဦး၊ ငွေကြေး၊ စည်းရုံးဖွဲ့စည်းမှုစတာတွေ မပါသေးဘူး။

ဒီလောက်အထိ ကိုးကားပြရတာက ဒီကနေ့ မှတ်ပုံတင်ကြတဲ့ပါတီတွေနဲ့ (နအဖ) စစ်အုပ်စုတိုက်ရိုက်အခြေပြု အမွေခံကြံ့ဖွံ့ပါတီ အနေအထားဟာ မိုးနဲ့မြေလို ကွာလှတယ်ဆိုတာ ထင်ရှားစေချင်လို့ပါ။ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကလည်း စစ်အုပ်စု စိတ်တိုင်းကျ ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေစည်းဝိုင်းထဲမှာ ယှဉ်ပြိုင်ကစားကြရမှာ မဟုတ်လား။ ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဆိုတာတွေကလည်း (နအဖ) စိတ်ကြိုက်ဖွဲ့စည်းပြဌာန်းပေးထားတာတွေပဲ မဟုတ်ပါလား။ ဒီလိုမတရားတဲ့ တစ်ဘက်သတ်ကျလွန်းလှတဲ့ အခြေအနေ အချက်အလက် ပတ်ဝန်းကျင်မှာ မှတ်ပုံတင်ပါတီတွေအနိုင်ရဖို့ဆိုတာ ဝေးလွန်းလှပါတယ်။ မှတ်ပုံတင်ပါတီတစ်ခုက ပြောနေသလို “လူထုတိုက်ပွဲပုံစံနဲ့ ဖြတ်သန်းရမယ်” ဆိုတာလောက်နဲ့ မဖြစ်နိုင်ဘူးလို့ ပြောချင်တာပါ။

ဒါ့အပြင်မှတ်ပုံတင်ပါတီတွေရဲ့ “သက်နေ” နဲ့ ကံကြမ္မာဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ သိန်းစိုးကော်မရှင်ရဲ့ လက်ဝယ်မှာရှိနေတဲ့ အချက်ပါဘဲ။
မှတ်ပုံတင်ပါတီတွေရဲ့ “ဖြစ်- တည်- ပျက်” ကို သိန်းစိုးကော်မရှင်က ပြုပြင်စီရင်ဖန်တီးမှာ ဖြစ်ပါတယ်။ ကော်မရှင်က “ဖြစ်” ဆိုရင် “ဖြစ်” ရမယ်။ “တည်” ဆိုရင် “တည်” ရမယ်။ “ပျက်” ဆိုရင် “ပျက်” ရလိမ့်မယ်။ ဘယ်သူတွေက ငြင်းပယ်လွန်ဆန်ဝံ့မှာလဲ။ “ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်ရမည်” (Final & Conclusive) အာဏာကုန် ပေးအပ်ထားပြီး ဖြစ်ပါတယ်။ တော်တန်တိတ်။ ဘယ်သူအတန့်တက်ဝံ့သလဲ။

ကြံ့ဖွံ့ပါတီ လက်ရှိအနေအထားနဲ့ပတ်သက်ပြီး မရှင်းလင်းတာတွေ တရားမျှတမှုမရှိတဲ့၊ တစ်ဖက်သတ်ကျတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီး မှတ်ပုံတင်ပါတီတွေက ကြေညာချက်တွေ ထုတ်ပြန်တာ၊ မီဒီယာတွေမှာ ပြောဆိုတာတွေကြားနေရပေမယ့် သိန်းစိုးကော်မရှင်က ဘာမျှ အရေးယူဆောင်ရွက်ပေးတာမရှိပါဘူး။
၂၀၁၀ ရွေးကောက်ပွဲဟာ မစခင်ကပဲ မညီမျှမှုတွေ၊ မတရားမှုတွေ၊ အနိုင်ထက်ကျင့်မှုတွေနဲ့ပြည့်နှက်နေတယ်ဆိုတာ ထင်မြင်ယူဆချက်သက်သက်၊ သံသယသက်သက်မျှ မဟုတ်တော့ပါဘူး။ မှတ်ပုံတင်ပါတီတွေရဲ့ မျက်မြင်ကိုယ်တွေ့ဖြစ်နေပါပြီ။

မှတ်ပုံတင်ပါတီတွေတောင်းဆိုနေတဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ လေထဲမှာပဲ လွင့်ပျယ်သွားပါလိမ့်မယ်။
လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် အနိမ့်ဆုံးအားဖြင့် ၂၀၀၈ အခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ၅ ရပ် ပြင်ဆင်ရေး၊ ရွေးကောက်ပွဲ ကော်မရှင်ကို သမာသမတ်ရှိသူများဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး၊ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ မင်းကိုနိုင်၊ ကိုကိုကြီးအပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေးဆိုတဲ့ အဆင့်က စတင်ရပါလိမ့်မယ်။ ဒီလိုအခြေခံတွေ အချက်အလက်တွေ မရှိဘဲ။ လွတ်လပ်ပြီး တရားမျှတဲ့ရွေးကောက်ပွဲကို မျှော်လင့်လို့ မဖြစ်နိုင်ပါဘူး။ ငွေကုန်လူပမ်းပြီး ပြည်သူမျက်မုန်းကျိုးတာပဲ အဖတ်တင်ပါလိမ့်မယ်။

ဒါကြောင့် (နအဖ) စစ်အုပ်စု စပွန်ဆာအတိုင်းသာ တစ်သဝေမတိမ်း ဆက်သွားကြမယ်ဆိုရင်တော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီပဲ အနိုင်ရပါလိမ့်မယ်။ လွှတ်တော်ဆိုတာလည်း အရပ်ဝတ်လဲထားတဲ့ စစ်သားနဲ့ ယူနီဖောင်းဝတ်ထားတဲ့စစ်သားတွေရဲ့ စကားပြောဆိုင်ပဲ ဖြစ်ပါလိမ့်မယ်။ နေရာအချို့မှာ အရွေးချယ်ခံရမယ့် မှတ်ပုံတင်ပါတီများက လွှတ်တော်အမတ်များအဖို့ကတော့ နတ်ကရာ ကြည့်မောနေရမယ့်ကိန်းပဲ ဆိုက်ပါလိမ့်မယ်။

(နအဖ) စစ်အုပ်စု စပွန်ဆာအောက်မှာ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးတော့လုပ်ကြရပါလိမ့်မယ်။ ဒီလိုလုပ်တဲ့နေရမှာ စစ်အုပ်စု စိတ်တိုင်းကျဆွဲပေးထားတဲ့ စည်းဝိုင်းထဲက နိုင်ငံရေးသာလုပ်နေမယ်ဆိုရင်တော့ ဘာမှဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ အဲဒီစည်းဝိုင်းထဲမှာ တဝဲလည်လည်ပဲ ဖြစ်နေပါလိမ့်မယ်။ လွှတ်တော်ထဲမှာ အရပ်ဝတ်လဲထားတဲ့စစ်သားနဲ့ ယူနီဖောင်းဝတ်ထားတဲ့ စစ်သားအပြန် အလှန်စကားများတာကို ထိုင်နားထောင်နေရပါလိမ့်မယ်။

ဒါကြောင့် (နအဖ) စစ်အုပ်စုစိတ်တိုင်းကြ ရေးဆွဲထားတဲ့ စည်းဝိုင်းကိုဖောက်ထွက်ရပါလိမ့်မယ်။ (နအဖ) စစ်အုပ်စုရေးဆွဲထားတဲ့ စည်းဝိုင်းထဲ ပိုမိုကျယ်ဝန်းတဲ့၊ လွတ်လပ်မှုနဲ့ တရားမျှတမှုပိုမိုရှိပြီး၊ နိုင်ငံရေးအင်အားစု အားလုံးပါဝင်နိုင်မယ့်၊ ယှဉ်ပြိုင်နိုင်မယ့် စည်းဝိုင်းသစ်ကို ရေးဆွဲဖန်တီးရပါလိမ့်မယ်။ အဲဒီလုပ်ငန်းကသာလျှင် ယနေ့ကာလအတွက် အဓိကကျတဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ပါတယ်။ ချုပ်ပြောရရင် ၂၀၀၈ အခြေခံဥပဒေ တိုက်ဖျက်ရေး ဖြစ်ပါတယ်။

တချိန်မှာ တချို့က နိုင်ငံရေးဆိုတာ “မစားကောင်းတဲ့အသီး” ၊ “ဘဝပျက်သွားမယ်” ဆိုပြီး ကိုယ်တစ်ယောက်ထဲ ကြောက်အား ပိုရုံတင်မကဘူး၊ အခြားတက်ကြွလှုပ်ရှားလိုသူတွေကိုပါ တဖက်လှည့်နဲ့ တားမြစ်ချောက်လှန့်တတ်ကြပါသေးတယ်။ (နအဖ) စစ်အုပ်စု စပွန်ဆာလုပ်ပေးတဲ့ စည်းဝိုင်းထဲကနိုင်ငံရေးပဲ လုပ်နေမယ်ဆိုရင် အန္တရာယ်ခပ်သိမ်းကင်းငြိမ်းနိုင်မယ်လို့ ဘယ်သူပြောဝံ့သလဲ။
နိုင်ငံရေးလုပ်တယ်ဆိုတာ ချောင်းသာကမ်းခြေ သဲသောင်မြေပေါ်မှာ အပန်းဖြေလမ်းလျှောက်တာမှ မဟုတ်တာ။

(တူမောင်ညို)
၂၀၁၀ ဇွန်

No comments:

Post a Comment