ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jul 2, 2010

မိုးစပါး စိုက်ပျိုးဖို့ လယ်သမားများအခက်ကြုံပြီး စပါးထွက်နှုန်းလျော့ကျနိုင်

ရိုးမ ၃။ ဇူလိုင် ၂၊ ၂၀၁၀

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်အတွင်းရှိ လယ်သမားများ မိုးနည်းသည့်အတွက် ပျိုးသက် ရက်ကျော်သည့်အချိန်ထိ စပါးစိုက်ပျိုးရန် အခက်ခဲများကြုံနေရပြီး ယခုနှစ် မိုးစပါးအထွက်နှုန်း လျော့ကြနိုင်ကြောင်း ဒေသခံ လယ်သမားတဦးက ပြောသည်။

ပျိုးချထားသည့် စပါးများမှ ပျိုးသက်ကျော်သွားသော်လည်း စိုက်ပျိုးရန် မိုးလုံလောက်စွာမရသည့်အပြင် ဆည်များတွင် ရေခမ်းခြောက်နေခြင်းတို့ကြောင့် စပါးစိုက်ရန် အတော်နောက်ကျနေခြင်းဖြစ်သည်ဟု ပြောသည်။

“မိုးနည်းပြီး ကောက်စိုက်နိုင်တဲ့ ရေလုံလုံလောက်လောက် မရတော့ ကျနော်တို့ ဒေသက လယ်သမားတွေအကုန်လုံး ပျိုးသက်တွေရင့်ပြီး ကောက်စိုက်လို့ မရဘူးဖြစ်နေတာ။ ပျိုးသက်က ရက်ပေါင်း (၃၀) ကျော်နေပြီဗျာ။ ဆည်ရေတင်ပြီး စိုက်ဖို့လည်း ဆည်မှာရေမရှိတော့ လယ်သမားတွေ ဘာမှလုပ်မရဖြစ်နေတာ” ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

သာယာဝတီခရိုင်တွင်း ပျိုးသက်ကျော်နေသည့် ယခုအချိန်ထိ ကောက်မစိုက်နိုင်သည့်အတွက် ယခုနှစ် မိုးစပါးအထွက်နှုန်း သိသိသာသာ လျော့ကျသွားမှာဖြစ်သလို မိုးစပါးစိုက်ပျိုးနိုင်သည့် လယ်ဧကလည်း လျော့ကျနိုင်ကြောင်း ဒေသခံလယ်သမားက ဆက်ပြောသည်။

“စပါးသက်တန်းက စပါးစစိုက်တဲ့ ရက်ကနေပြီးတော့ ရက် ၁၀၀ နဲ့ ၁၂၀ လေ။ ကျနော်တို့ အခုချိန်စိုက်လို့ရမယ်ဆိုရင်တောင် ပျိုးသက်ကျော်နေတဲ့အတွက် အပင်ပွှားနှုန်းကျပြီး ကောက်ပြန်လှန်ရမည့်အချိန်နဲ့ဆို စပါးသီးမအောင်တော့ပဲ အယင်စပါး တင် (၄၀)ထွက်တဲ့ လယ်တဧက က အလွန်ဆုံး ဆယ်တင်း ဆယ့်ငါးတင်း အဲလောက်ပဲ ထွက်နိုင်တော့မယ်။ လယ်ဧက နှစ်သိန်းလောက်ရှိတဲ့ အထဲက နှစ်သောင်း သုံးသောင်းလောက် စိုက်နိုင်တဲ့လယ်သမားတွေက မိုးရေတင်တဲ့ လယ်တို့ စိုက်တာစောသွားတာတို့ ကွက်တိကျသွားတာတို့လောက်သာ စိုက်လို့ ရသွားတာ၊ ကျနော်တို့ မြို့နယ်အပြင် တခြားမြို့နယ်တွေလည်း ရေလုံလုံလောက်လောက်မရဘူးဖြစ်နေတော့ ကောက်စိုက်လို့မရဘူးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းလာနီညာ ဖြစ်ပေါ်နိုင်သည့်အတွက် မိုးနှောင်းပိုင်းကောင်းမည်ဆိုသည့်အတွက် ဒေသခံလယ်သမားများအတွက် မိုးစပါးအပြင် ပဲစိုက်ရာသီမှာပါ ထပ်မံ ဆုံးရှုံးမှုများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အခုမိုးကမရတော့ ရေမရှိနဲ့ စပါးအစိုက်နောက်ကျမယ်၊ လာနီညာလာတော့ စပါးရိတ်ချိန် မိုးကောင်းတော့ အဲဒီမိုးကောင်းတာက ပြဿနာနှစ်ခုစလုံး ဖြစ်နိုင်တယ်။ နိုဝင်ဘာမှာ စပါးပေါ်မယ်၊ စပါးပေါ်မယ်ဆိုရင် ကျနော်တို့ ရိတ်တဲ့အချိန်မှာ ကျနော်တို့ မိုးမိမယ်။ အဖျင်းတွေ ဖြစ်မယ်။ အဆို့အပေါက်တွေဖြစ်မယ်။ ကျနော်တို့ ပဲပြန်စိုက်တော့ မိုးပြန်ရွာတယ်။ အဲဒီတော့ကျနော်တို့ နှစ်သီးစလုံးကျနော်တို့ ခံစားရနိုင်တယ်” ဟု ပြောသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လာနီညာလာ ဖြစ်ပေါ်နိုင်သည့်အတွက် မိုးနှောင်းပိုင်းတွင် မိုးကြီးပြီး မြစ်ရေလျှံတက်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသ ဇလဗေဒဌာနက သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည့်အတွက် တောင်သူလယ်သမားများအနေဖြင့် အခက်ခဲများစွာ ကြုံတွေ့နိုင်သည်ဟု တောင်သူများက ပြောနေကြသည်။

မြန်မာနိုင်ငံတွင် သီးနှံအထွက်တိုးစီမံချက်ဖြင့် (၁၉၇၅-၇၆) ခုနှစ်များမှစ၍ သက်တမ်းစပါးစိုက်ပျိုးမှုများပြားလာပြီး အခြားသီးနှံများကို သီးထပ်စိုက်ပျိုးကာ နှစ်သီးစား စိုက်ပျိုးမှုများ ပြုလုပ်လာခြင်းဖြစ်၍ ရာသီစပါးစိုက်ပျိုးမှုမှာ ကောက်ညှင်းနှင့် ပေါ်ဆန်းမွှေးတို့လောက်သာ အနည်းငယ်စိုက်ပျိုးလျှက်ရှိသည်။

No comments:

Post a Comment