ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jul 20, 2010

ခင်ဗျားတို့အခြေအနေနဲ့ ခင်ဗျားတို့အဖြေ

တူမောင်ညို။ ဇူလိုင် ၂၀၊ ၂၀၁၀

စည်းဝိုင်းထဲက နိုင်ငံရေးကတော့ တဖြည်းဖြည်းနဲ့ အသံတွေ ဆူညံလာပါပြီ။

ထူးခြားတာတစ်ခုက အသံတိတ်နေတဲ့ (တစည) အသံထွက်လာတာပါ။ အရင်လိုငြိမ်ခံနေလို့ မဖြစ်တော့ဘူး၊ ထွက်ပြောမှဖြစ်တော့ မယ်လို့ (တစည)တွေ ယူဆပုံ ပေါ်ပါတယ်။ ဒါကြောင့် ဦးချစ်လှိုင်နဲ့ ပွဲစပြီးထွက်လိုက်ပုံ ပေါ်ပါတယ်။

ဦးချစ်လှိုင်က (တစည) ပါတီမှာ ဘယ်လိုတာဝန် အဆင့်နေရာ ယူထားသူလဲတော့ မသိပါဘူး။ အရင်ကတော့ (တစည) ဘက်က ပင်တိုင်ထွက်ပြောနေသူက ဦးခင်မောင်ကြီး ဖြစ်ပါတယ်။ ဒါမှမဟုတ် ဦးဟန်ရွှေထွက်ပြီး ပြောတတ်ပါတယ်။

ဒီတစ်ခါ ထွက်ပြောတာကတော့ ထူးခြားပါတယ်။

ဒီနေ့ အစိုးရတာဝန်ယူထားသူတွေက အစိုးရတာဝန်ကကို မစွန့်လွှတ်ပဲ/ အစိုးရပိုင်အခွင့်အာဏာ/ ယာဉ်ရထားတွေသုံးပြီး ကိုယ့်ပါတီ စည်းရုံးရေးဆင်းနေတဲ့ ကိစ္စတွေ/ ရွေးကောက်ပွဲနဲ့ မဲပေးတဲ့နည်းစနစ် တရားမျှတရေးဆိုတဲ့ အချက်တွေကို ထုတ်ဖေါ်ပြောတာ ဖြစ်ပါတယ်။

သူတို့ပြောရတာကလည်း လက်ရှိ(နအဖ)စစ်အစိုးရကို ဦးတည်ပြီးပြောရတာ ဖြစ်နေလေတော့ ပြောချင်တဲ့အချက်ကိုရောက်အောင် ထိန်းထိန်းသိမ်းသိမ်း ပြောသွားတာပါ။

သူတို့ အဓိကပြောလိုရင်းက လက်ရှိ (နအဖ)စစ်အစိုးရလုပ်နေတာတွေဟာ မတရားဘူး/မမျှတဘူး/ နည်းလမ်းမကျဘူး/ ဘဝင်မကျဘူးလို့ ပြောချင်တာပါ။ ညီအစ်ကိုချင်းလည်းဖြစ်ပြန်တော့ ဒဲ့ဒိုးလည်း မကျဒုံးတိလည်းမဖြစ်အောင် အလိမ်မာသုံးပြီး ပြောသွားတာပါ။ ညီအစ်ကို ချင်းဆိုပေမယ့် ဟိုက အာဏာလက်ရှိ မဟုတ်လား။

(တစည)ဘက်က ပြောတဲ့အထဲမှာ ကြံ့ဖွံ့ပါတီဟာ သူတို့အတွက် အဓိက ယှဉ်ပြိုင်ဘက်ဖြစ်လာမယ်ဆိုတာကိုလည်း အသိအမှတ်ပြု ပြောသွားပါတယ်။

တစ်အူထုံ့ဆင်း ညီအကိုချင်း ယှဉ်ပြိုင်ရတော့မယ်။

အမတ်နေရာအများစုကို သူတို့ပဲ အဓိကပြိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

ကျန်တဲ့ ပါတီတွေအများစုက အခုမှ မြေစမ်းခရမ်းပျိုးနေရရှာ သူတွေ။ ငွေရေးကြေးရေးကအစ အဘက်ဘက်ကချို့တဲ့ရှာ သူတွေ။ ဒါကြောင့် (တစည)တို့ ကြံ့ဖွံ့ပါတီတို့လို ဒုနဲ့ထည်နဲ့၊ အုံနဲ့ကျင်းနဲ့ ကြိုးဝိုင်းထဲဝင်ပြိုင်ဖို့ဆိုတာ သူတို့အတွက်တကယ်ကို မလွယ်ရေးချ မလွယ်လှပါဘူး။

မလွယ်တဲ့ ဘဝဆိုတာ သူတို့ကိုယ်သူတို့သိကြတယ်။ ဒါကြောင့်ထင်ပါတယ် “ဒီမိုကရေစီကို ဇာတ်သွင်းပေးရုံပေးဖို့ပါလို့” ပြောရှာတယ်။ ဇာတ်သွင်းမယ်ဆိုလည်း ဒီမိုကရေစီစစ်စစ်ပဲ ဇာတ်သွင်းကြပါလားဗျာ။

အတွင်းသားက စစ်အာဏာရှင်စနစ်နောက်ချေးကို အပေါ်ယံက ဒီမိုကရေစီ ရွှေရည်စိမ်ထားတဲ့ ဇာတ်ပျက်ဒီမိုကရေစီကိုမှ အဟုတ်အဟတ်လုပ်ပြီး ဇာတ်သွင်းပေးကြတော့မှာလားလို့ မေးစမ်းပါရစေ။

(တစည)ကို (မဆလ) အသွင်ပြောင်းမို့ (၁၄) နှစ်စာ ခံစားထားဖူးတဲ့ ဘဝအသိနဲ့ ပြည်သူလူထုက အော့နှလုံးနာတယ်။ ဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲမှာ သူတို့ဆန္ဒ ဘာလဲဆိုတာပြပြီး (တစည)ကို ပြည်သူလူထုက ပညာပေးထားတယ်။

ကြံ့ဖွံ့ပါတီကိုလည်း ဒီပဲယင်းအကြမ်းဖက်မှုနဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတွေမှာ လက်မရွံ့လူမိုက်လုပ်ရပ်တွေကို လက်တွေ့၊ တွေ့မြင်ခံစားထားရဖူးလေတော့ ပြည်သူလူထုက ရွံမုန်းကြီး မုန်းနေတယ်။

အဲဒီလို လူထုထောက်ခံမှု မရှိတာကလွဲလို့ (တစည) နဲ့ ကြံ့ဖွံ့ပါတီတို့ဟာ စစ်အုပ်စု အမွေခံတွေပီပီ အခြားပါတီတွေထက် အစစအရာရာသာတယ်။

အခြားတစ်ဖက်ကပြောရင် (တစည) ထဲက စစ်ဗိုလ်တွေဟာ (နအဖ) စစ်အစိုးရတို့/ကြံ့ဖွံ့ပါတီတို့ အထဲက စစ်ဗိုလ်တွေရဲ့ ဆရာသမားတွေ/စီနီယာတွေ ဖြစ်ပါတယ်။

ဒါဆိုအခုကျင်းပမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဆရာနဲ့တပည့် ပြိုင်မယ့်ပွဲ။ စီနီယာနဲ့ ဂျူနီယာပြိုင်ကြမယ့်ပွဲသာ ဖြစ်ပါလိမ့်မယ်။

ဒိုင်သူကြီးလုပ်မယ့်သူကလည်း လက်ရှိအာဏာကိုင်ထားတဲ့ စစ်အုပ်စုဖြစ်နေပြန်တယ်။ အခြေခံဥပဒေ(၂၀၀၈) ကလည်း စိတ်ကြိုက် ရေးဆွဲအတည်ပြုထားတာ။ သိန်းစိုးရွေးကောက်ပွဲ ကော်မရှင်ကလည်း (နအဖ)စစ်အုပ်စု စိတ်ကြိုက်ခန့်အပ်ထားတာ။ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ၅ ရပ်ဆိုတာကလည်း (နအဖ) စစ်အုပ်စု စိတ်ကြိုက်ဖန်တီး ရေးဆွဲထားတွေပဲ ဖြစ်တယ်။

ဘက်ပေါင်းစုံ စစ်အုပ်စုစိတ်ကြိုက် ဖန်တီးထားလေတော့ စစ်အုပ်စု စိတ်ကြိုက်ရလဒ်ပဲ ထွက်မယ်ဆိုတာ ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာ မလိုတော့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲရဲ့ တရားမျှတမှုဆိုတာကို ဘယ်အနားမှာ သွားရှာကြမလဲဗျာ။

(တစည) ပြောတဲ့ စကားနဲ့ပြောရရင် “Play Ground က ဟိုဟာပေါ့ တစ်ယောက်ကအပေါ်ကကန်၊ တစ်ယောက်က မြေပြင်နိမ့်က ကန်လို့မှ မဖြစ်ဘဲ” ဆိုတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ “ပလိန်းလယ်ဗယ်” မှာ ယှဉ်ပြိုင်ရတာမျိုး မဟုတ်ဘူး။

ဒီအချက်တွေကို စီကြည့်လိုက်တာနဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ် ဘယ်လိုထွက်ပေါ်လာမလဲဆိုတာ ပြောဖို့လိုပါဦးမလားဗျာ။ ၂၀၁၀ ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်အတိကျကိုလည်း ဦးသိန်းစိန်ဦးစီးတဲ့ ကြံ့ဖွံ့ပါတီကတော့ သိပြီးသား ဖြစ်မှာပါ။ (နအဖ) အစိုးရ ဝန်ကြီးချုပ်ဆိုသူဟာ ဦးသိန်းစိန်ပဲ မဟုတ်ပါလား။ သူတို့ကပဲ ကော်မရှင်ကို ညွန်ကြားတဲ့အခါမှ ကော်မရှင်က ထုတ်ဖေါ်ကြေညာရမှာ မဟုတ်ပါလား။

ကျနော်မြင်နေတာကတော့ တကယ်ကို ရိုးရိုးသားသား ပါတီမှတ်ပုံတင်ပြီး ပြည်သူလူထုအကျိုး ဆောင်ရွက်မယ်လို့ဆိုတဲ့ နိုင်ငံရေးပါတီအချို့ဟာ (တစည) နဲ့ ကြံ့ဖွံပါတီဆိုတဲ့ ကျွဲနှစ်ကောင်ခတ်မယ့်ကွင်းထဲမှာ မြေဇာပင်ကလေးတွေအဖြစ်သာ အသုံးတော်ခံရပါလိမ့်မယ်။

အချို့သော နိုင်ငံရေးပါတီလေးတွေက ဘဝတူပါတီငယ်တွေ အချင်းချင်းမဟာမိတ်ဖွဲ့ကြပြီး ကြံ့ဖွံ့ပါတီကို ရင်ဆိုင်ဖို့၊ ယှဉ်ပြိုင်ဖို့ ပြောဆိုနေတာလည်း ကြားရပါတယ်။

အကယ်၍များပေါ့ဗျာ မီဒီယာတစ်ခုခုကနေ ခင်ဗျားတို့ကို အခုလိုလက်တွေ့ကျတဲ့ မေးခွန်းများ မေးလာခဲ့ရင် ဘယ်လိုဖြေမလဲဗျာ။

မေးခွန်း ၁။ “(တစည) က ကြံ့ဖွံ့ပါတီကို အဓိကယှဉ်ပြိုင်ဘက်အဖြစ် သဘောထားရလိမ့်မယ်လို့ ပြောဆိုနေပါတယ်။ ဒါကြောင့် ခင်ဗျားတို့ ပါတီငယ်တွေအနေနဲ့ (တစည) နဲ့ မဟာမိတ်ဖွဲ့ပြီး ကြံ့ဖွံ့ပါတီကို ရင်ဆိုင်ဖို့/ယှဉ်ပြိုင်ဖို့သဘောထားရှိပါသလား”

မေးခွန်း ၂။ “ ကြံ့ဖွံ့ပါတီကို ယှဉ်ပြိုင်ဖို့ (တစည) က ခင်ဗျားတို့ကို မဟာမိတ်ဖွဲ့ကြစို့လို ကမ်းလှမ်းလာခဲ့မယ်ဆိုရင်ကော ခင်ဗျားတို့ ပါတီငယ်တွေ ဘက်က ဘယ်လိုတုန့်ပြန်မှာလဲ။”

(တူမောင်ညို)
(၂၀၁၀ ဇူလိုင်လ၊ ၁၈ ရက်)