ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jul 23, 2010

ပဉ္စလက် တောင်တန်း



(၁)
အိပ်ယာထစေါတဲ့
ဥသြငှက်ဟာ
နေရောင်တံစက်မြိတ်မှာ
ပိတ်ထားတဲ့ လောကတံခါးကို
သီချင်းနဲ့ တွန်းဖွင့်လိုက်တယ်။

ငါ ပုန်းအောင်းအိပ်စက်ခဲ့ရာ
ကျောက်တောင်ရဲ့ထိပ်
နေရောင်လွလွ ဖွဖွဆဆ
ရွရွဆိတ်ဆိတ် သွေးစဖိတ်ကျ
လောကဆည်းဆာ ကဗျာအဖြစ်
ငါ ချစ်လိုက်မိ။

တောင်ခြေအောက်က
ကျွဲခလောက်သံထဲမှာ
စံပယ်နံ့ကို ငါရှူတယ်။
ဖြူညစ်ညစ် နှင်းထုအောက်
အပြာနုနုကို ထွင်းဖောက်ကာ
သံလွင်မြစ်ကို ခြေရာကောက်နေမိတယ်၊
ကမ္ဘာ့တဖက်ခြမ်း
မီးတောင်နှုတ်ခမ်းက
ပန်းထွက်လာတဲ့ မီးလျံတွေထဲမှာ
“ဗေါ်ဒလယ်” ရဲ့ ငရဲပန်းများကိုမြင်လိုက်ရ
သူ့ရဲ့
မီးလိုပူပြင်းလှပ
ညလို တိတ်ဆိတ်စွာပေါက်ကွဲ
ကဗျာထဲက
ဒဏ်ရာရနေတဲ့ ၀ိညာဉ်များ
ငါ့ထံ
ပျံသန်းလာကြပေါ့။

(၂)
“မိဆိုင်းတောင်” ဟာ
ကာလမည်မျှကြာအောင် အိပ်ချင်ယောင်ဆောင်ခဲ့ပြီလဲ။

သူ ဒီလိုနဲ့
သမုဒ္ဒရာကြီးအောက်က ကုန်းထခဲ့။

သူ ဒီလိုနဲ့
စမ်းချောင်းများစွာ မှုတ်ထုတ်ခဲ့။

သူဒီလိုနဲ့
လူသားတချို့ကို ချွေးးသုပ်
လူသားတချို့ကို မွေးထုတ်ခဲ့။

အခုတော့
သူဟာ
ကြီးမြတ်လှတဲ့
သဘာဝရဲ့ဘဝ
သမိုင်းရဲ့ သင်္ကေတဖြစ်ခဲ့ပြီ။
သူ့ကို
အဝေးကမြင်ရတော့ လှတယ်
အနားကိုရောက်တော့ ကြောက်တယ်။
သူ့ကိုတို့ထိရတဲ့အခါ
သူ့ရေကို သောက်တဲ့အခါ
သူ့အငွေ့ကို လှုံတဲ့အခါ
လုံခြုံနွေးထွေး သွေးချင်းပေါင်းစပ်
သူနဲ့ငါ
တစ တစ နီးကပ်လာခဲ့။
အခုတော့
သူ့လည်ပင်းမှာ ငါတွဲခိုစီး
သီချင်းငြီးခဲ့။
သူ့ခေါင်းပေါ်ကပန်းတွေ ငါချွေခဲ့။
သူ့လက်ပေါ် ငါအိပ်ပျော်ခဲ့။
သူ့နဖူးထိပ်မှာ ငါရပ်နေဆဲ
ကွင်းပြင်ထဲက တောအုပ်တွေ
ခြုံပုတ်လေးတွေ ဖြစ်သွားပေါ့။

“မိဆိုင်းတောင်” အောက်မှာ
အရာဝတ္ထုများ
“၀ိုင်းယက်” ရဲ့ ပန်းချီကားလို
အပြားလိုက် အလျားလိုက်မြင်နေရ
အဲဒီမှာ ဂျူးဗန်းရဲ့ “ကာလယန္တယား”
ငါ ငှားပြီးစီးခဲ့။
ဟိုအဝေးဆီက
အစိမ်းရောင် အုန်းတောထဲ
သေမင်းတမန်များ
ပျံဝဲခုန်ဆင်းသွားကြ။
“ဒုံသမိချောင်း”အနောက်ဖက်ကမ်း
ရန်သူ့စခန်းဆီက
သွေးညီနံ့တွေ လေထဲလွင့်ပါ။
တခါတလေ
ဟောဒီ တောင်ခြေတောစပ်မှာ
ရန်သူ့တပ်တွေ ငါမြင်ခဲ့။
နေ့ အခါ
ရန်သူဟာ မိဆိုင်းတောင်အမြီး
ဖွတ်မြီးထိုးကြ
မိဆိုင်းတောင်ခြေဖျား ဓါးနဲ့လှီးကြ။
ညနေကြတော့
ဒန်အိုးဒန်ခွက် ကြက်၊ ၀က်၊ ဘဲနဲ့
ထမိန် အင်္ကျီများကို သယ်ဆောင်ကာ
ပြန်လာခဲ့ကြ။
မိဆိုင်းတောင်ခြေ ငှက်ပျောစုမှာ
လူထုဆီက လုယူခဲ့သမျှ
ဝေစုခွဲကြ။
ပြီးတော့မှ တပ်စခန်းတွေဆီ
ရင်ကော့ပြီး ပြန်သွားကြ။

ကျုံစိန်ကြိုးဝိုင်းကြီးထဲမှာ
လူတကိုယ်စာ အိပ်ယာငယ်များ
တောစပ်ချောင်းဘေး
မောင်းထောင်းသံများ ဆိတ်သုန်းသွားပေါ့။
ဖေါ်မဲ့တောင်ကုန်း
တောင်ယာတောပြုန်း ယောင်ထုံးတွေပြေ။
တောကြီးမျက်မည်းထဲက
မယ်ဒလင်သံထဲမှာ
ဘုရင်တပါးရဲ့စည်းစိမ်မျိုး
“ဘီသိုဗင်” ရဲ့ သုခုမပိုး
နိုးကြားပင့်သက်
ငါ့ နှလုံးသားထက် ဆူးခက်ချဆွဲ။

“ဘောသပြု” တောင်ပေါ်မှာ
“ကမော့ကဆိုင်း” တောင်ပေါ်မှာ
လေဟာ
ယုန်တကောင်ခုန်သလို
ကဆုန်ချပြီး ရောက်လာတတ်ရဲ့၊
အမျိုးအမည်မသိ
ပန်းရနံ့များက သီချင်းဆိုလျှက်။

“ဆံပင်ရှည်မထားရ
နှုတ်ခမ်းမွှေး မထားရ
ပုဆိုးစလွယ်မသိုင်းရ”
ထူးခြားတဲ့ အမိန့်စာတရွက်
ငါ့ လက်ထဲမှာ ... ။

ကောက်သူမဲ့ အင်ဖက်တွေ
အထက်နီ အောက်နီ
တတောတတောင်လုံးနီ။

ငါ
စကောနှစ်ချပ်စာ
ကျွဲလူးအိုင် ရေတခွက်
မြိန်ယှက်စွာသောက် ဗိုက်မှောက်ပြီးအိပ်စက်ခဲ့။
ဒူးရင်းပွင့်တွေ
လေထဲ
ဆိုနင့်ကွဲကြွေ မြေပြင်ထက်
သက်ဆင်းလာကြပေါ့။

ညက
လရောင်မှန်ကွဲ
ငါ့အသည်း၌ စိုက်ဝင်စူးခဲ့။
လရောင်တခု မှန်ကွဲတစ
ဘ၀တခုထက် မြိန်ရှက်ချိုမြ
“မော်ပါဆွန်း” ရဲ့ လရောင်ည။
အချိုးအဆ
လှပစွာပေါင်းချုပ်
တစတစ ရုပ်သိမ်းသွားတဲ့ငှက်သံတွေ
ငါစောင့်ကြည့်နေမိ။

ပန်းတပွင့်
ငှက်တကောင်
လှောင်အိမ်တခု မြစ်တစင်း
သီချင်းတပုဒ်
ဧကဒုက္ခ အထီးကျန်ဘဝ
ညကို ငါကြောက်ခဲ့။

ငါ့အသည်းမှာ
ကဗျာတကြောင်းနဲ့ ပေါင်းစပ်ပြင်ဆင်
ရှင်သန်အားခဲ ဇွဲခပ်ထားမိ။
ဟိုးအဝေးဆီမှာ
တောင်ယာမီးစွဲ အမှောင်ထဲ
ရဲရဲစူးစူး ဖူးကြပွင့်ကြ။
လေအသုပ်မှာ တောအုပ်အလည်
ချေငယ်ဟောက်သံ
ကျောက်နံရံချောက်ထဲ
ပေါက်ကွဲစင်ကျ ညကိုရိုက်ပုတ်
တုန်လှုပ်သွားခဲ့။
အမှောင်ထဲမှာ မကြာခဏ
သစ်ရွက်ခြောက်တွေ
လေသင့်တဲ့အခါ ကြွေကျသွားကြ။

အိပ်မက်ထဲမှာ
“ဒီမိုကရေစီ ဒေါ်မကြည်” ကိုတွေ့ရတယ်။
မီးခိုးအူနေတဲ့
ပိုင်ရှင်မဲ့ နှမ်းတပုံကိုတွေ့ရတယ်။
“ဆာအိဂျိုး” ရဲ့
“ခြောက်ခြားဘွယ်ညနေ” ကို
ဖြတ်သန်းရတယ်။
မီးလောင်နေတဲ့ နှလုံးသားပေါ်
အနမ်းတွေနဲ့ တက်ခဲ့တယ်။
ငါ့ရဲ့ ရွှေငါးကြင်းတကောင်ဟာ
သူ့အတွက် ငရဲတွင်းတခုဖြစ်ခဲ့တယ်။

(၃)
အို “ဒုံသမိချောင်း”
သင့်ဦးခေါင်းမှာ စကားဝါပန်း ဆင်မြန်းထားတာ
ငါသိတယ်။

သင်ဟာ
ရာဇ၀င်သစ်ကို ချစ်တဲ့
သံလွင်မြစ်ရဲ့
သမီးငယ်တပါး ဆိုတာ ငါသိတယ်။
စစ်တောင်း
ခပေါင်း
ပေါင်းလောင်း
နှစ်ပေါင်းထောင်ချီ
ကမ္ဘာတည်သမျှမှာ
အမွှာညီအစ်မပမာ ငါသိတယ်။

သင့်ရဲ့
မြစ်ကမ်း မြစ်ဝှမ်းတွေဟာ
သေဆုံးသွားကြရတဲ့
ဘိုးဘွားတွေရဲ့ သင်္ချိုင်း မြေဆိုတာ
ငါသိတယ်။
သင့်ရဲ့ လက်မောင်းပေါ်က
တောင်စောင်း တောင်ကုန်းတွေမှာ
ဗုံးဆံတစနဲ့
ကြေမွနေတဲ့အရိုးတွေ ဖုံးနေတာ
ငါသိတယ်။
ကျုံစိန် ကြိုးဝိုင်းကြီးဆိုတာ
တထောင့်တည နတ်ဆိုးကိုဆုံးမ
အဓမ္မခေတ် ကျဆုံးခန်း
အနာဂတ်ခြေတလှမ်း
ပန်းတို့ ပွင့်ရာ
ကဗျာ ... ... ... ။

တကယ်တော့လည်း
“ဟပ်သလိုက်ကျေးနယ်” တခုလုံးဟာ
ကဗျာတပုဒ်ဖြစ်တယ်။

ဖလံတောင်ရွာသူ
“မရေသူ” ရဲ့ ငိုရှိုက်သံဟာ
ကဗျာတပုဒ်ဖြစ်တယ်။
“ကမော့ကစိုင်း” တောင်ထက်က
အေးစက်တဲ့ကျောက်တုံးတချို့ဟာ
ကဗျာတပုဒ်ဖြစ်တယ်။
သံလွင်မြစ်ကြေ လှေသမ္ဗာန်တွေပ်ါက
နေရောင်ခြည်ဟာ ကဗျာတပုဒ်ဖြစ်တယ်။
ပါးရိုက်ခံရတဲ့ သူကြီးမ “ဒေါ်စောမြိုင်” ဟာ
ကဗျာတပုဒ်ဖြစ်တယ်။

လူသူတိတ်ဆိတ်
အိပ်ပျော်သွားကြရတဲ့ ရွာကလေးတွေဟာ
ကဗျာတပုဒ်ဖြစ်တယ်။
ဖလံတောင်ရွာ စာသင်ကျောင်းထဲက
“အသံအက်သွားတဲ့ခေါင်းလောင်းကလေး” ဟာ
ကဗျာတပုဒ်ဖြစ်တယ်။

“ကျုံစိန်” ရွာထိပ်က သစ်ပင်
ရွာဝင်နတ်စင်
“နော်အောလာ” အရှေ့ဖက်က လယ်ကွင်းပြင်
မြင်မြင်သမျှဟာ ကဗျာတပုဒ်ဖြစ်တယ်။

“မောင်လွမ်းဏီ” ရေ
ဒါတွေကိုလည်း
ဘယ်သူငြင်းမလည်းလို့ မေးစမ်းအုန်းပ။ ။

ငြိမ်းဝေ
၁၈၊ ၂၊ ၁၉၉၃
ခေတ္တ - သထုံခရိုင်