ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jul 19, 2010

သမဂ္ဂဖော်ဆောင်ရေးအဖွဲ့ အပါအ၀င် အဖွဲ့ (၅) ဖွဲ့ အာဇာနည်ဗိမာန်သို့ တက်ရောက် အလေးပြု

ဘုန်းခိုင်။ ၁၉ ဇူလိုင်၊ ၂၀၁၀

ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ စစ်အစိုးရက ပြုလုပ်သည့် (၆၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အာဏာပိုင်တွေ တားမြစ်စစ်ဆေးမှုတွေကြားက ရန်ကုန်မြို့ရှိ အဖွဲ့ (၅) ဖွဲ့မှ လူ (၆၀)လောက် တက်ရောက်အလေးပြု လွမ်းသူ့ပန်းခွေချခြင်း ပြုလုပ်ခဲ့သည်။

ဒီကနေ့ ကျရောက်သည့် (၆၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်ရာ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ အဖွဲ့ (၅) ဖွဲ့မှာ အဖွဲ့ဝင် (၆၀) လောက် အလေးပြု လွမ်းသူ့ပန်းခွေချဖို့ သွားရောက်ခဲ့သည့်အတွေ့အကြုံကို ကိုယ်တိုင်ပါဝင်ခဲ့သူ လူငယ်တဦးက “ကျနော်တို့ အရှေ့ဘက်မုဒ် အာဇာနည်ကုန်းထိပ်ကို ရောက်သွားပါပြီ၊ ကျနော်တို့ လမ်းမှာတော့ အတားအဆီးတွေရှိတယ်၊ ကျနော်တို့ တော်တော်လေးအတိုက်အခံကိုပြောပြီးတော့ သွားရတယ်၊ အရှေ့ဘက်မုဒ် အာဇာနည်ကုန်းထိပ်ရောက်တော့ ငါးယောက်တတန်း ငါးယောက်တတန်းဆိုပြီးတော့ ၀င်ပြီး အလေးပြုခွင့်ရတယ်၊ ”ဟု ပြောသည်၊

အာဇာနည်ဗိမာန်ကုန်းသို့ အလေးပြုရန် ချီတက်ခဲ့သည့်အဖွဲ့များမှာ မြန်မာနိုင်ငံလယ်သမား အလုပ်သမား သမဂ္ဂဖော်ဆောင်ရေးအဖွဲ့၊ အိမ်ရှင်မများ အဖွဲ့၊ အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလိုလားသူများ လူငယ်အဖွဲ့တို့ ဖြစ်ကြသည်။

ရန်ကုန်မြို့အတွင်း လုံခြုံရေးချထားသည့်အခြေအနေနှင့် အာဇာနည်ဗိမာန် အ၀င်ပေါက်ဝရှိ စစ်ဆေးရေးဂိတ်များချကာ အမျိုးသားရော အမျိုးသမီးပါ စစ်ဆေးမှုများပြုလုပ်ခံရသည့် အခြေအနေကိုလည်း အဆိုပါလူငယ်က ဆက်ပြောသည်။

“လုံခြုံရေးချထားတာများတယ် ရေတာရှည်လမ်း၊ နောက်ရွှေဂုံတိုင်မီးပွိုင့် ဟိုဖက်ခြမ်း ဒီဘက်ခြမ်းမှာဆိုရင် လုံခြုံရေးကားတွေ ချထားတယ်။ လွစ်လမ်းဆိုရင် ပိတ်တောင်ပိတ်ထားတယ်။ ကျနော်တို့ ဗိုလ်ချုပ်ပုံပါတဲ့ စတေကာကို ၀တ်ပြီး ချီတက်အလေးပြုဖို့ဟာ ဗိုလ်ချုပ်ပုံကို အာဏာပိုင်တွေက ဖြုတ်ခိုင်းလို့ ဖြုတ်ပေးရတယ်၊ ပစ္စည်းတွေ အကုန်ထားခဲ့ရတယ်။ လက်ကိုင်ပုဝါတို့၊ နာရီ၊ ဟန်ဖုန်းတို့၊ ဘောပင်၊ ဗွီဒီယို၊ ဓါတ်ပုံ ဘာမှ ယူလို့ မရဘူး အမျိုးသမီးတွေရော အမျိုးသားတွေရော ရှာကြတယ် အပေါက်ဝမှာ” ဟု ပြောသည်။

စစ်အစိုးရပြုလုပ်သည့် (၆၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ကြိုတင်ဖိတ်ကြားထားခြင်းခံရသူများကိုပင် မှတ်ပုံတင်ကြိုတင်ပြစီစစ်ခံပြီးမှ စစ်ဆေးသတ်မှတ်ထားသည့် လွမ်းသူ့ပန်းခွေနှင့် ၀တ်စုံများ ဆင်မြန်းပြီးတက် ရောက်ခွင့်ရကြ ခြင်းဖြစ်သည်။ သာမန်အရပ်သား ပြည်သူများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုဖို့ အာဇာနည်ဗိမာန်ဝန်းအတွင်း ၀င်ရောက်ခွင့်ရဖို့ အခက်အခဲများရှိနေသည်။