ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 19, 2009

နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးလှိုင် ကျန်းမာရေးအခြေအနေ ဆိုးရွား

ရိုးမ ၃

ဘူးသီးတောင်ထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုပြည့်ဖြိုးလှိုင်၏ ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွားနေလျှက်ရှိပြီး ဆေးရုံးတင်ထားရသည်။

ယခုလ (၅) ရက်နေ့တွင် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အခြေအနေဆိုးရွားသဖြင့် (၁၀) ရက်နေ့တွင် စစ်တွေဆေးရုံသို့ လွှဲပြောင်းလိုက်ခြင်းဖြစ်ပြီး ဆရာဝန်များ၏အဆိုအရ တီဘီရောဂါဖြစ်ပွားနေသည်ဟု မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။

သူက “ဆေးရုံစတင်တာက ဘူးသီးတောင်ဆေးရုံကို၊ အဲဒီကနေ စစ်တွေဆေးရုံကို လွှဲလိုက်တာ၊ ဆေးရုံဆရာဝန်ပြောတာတော့ တီဘီဖြစ်နေတာ၊ ဆေး ၂ လလောက် သောက်ရမယ်လို့တော့ ပြောတယ်၊ ဆေးမှတ်တမ်းကိုတောင်းတာတော့ မရသေးဘူး” ဟု ဆက်ပြောသည်။

ကိုပြည့်ဖြိုးလှိုင်အား စစ်တွေဆေးရုံတွင် တင်ထားစဉ်အတွင်း မိခင်ဖြစ်သူနှင့် တွေ့ခွင့်ရသော်လည်း အာဏာပိုင်များဘက်က လက်ထိပ်များခတ်ထားပြီး လုံခြုံရေးများချထားကြောင်း အဆိုပါ မိသားစုနှင့်နီးစပ်သူက ပြောသည်။

“ဆေးရုံပေါ်မှာ လက်ထိပ်ခြေထိပ်ခတ်ထားတယ်၊ (၁၃) ရက်နေ့က စစ်တွေဆေးရုံကနေ စစ်တွေထောင်ကို ပြန်ပို့လိုက်တယ်၊ သူ့အမေက ထောင်ပိုင်တွေ ဆေးရုံအုပ်တွေဆီမှာ ဆေးမှတ်တမ်းတောင်းတာ မရသေးလို့ အခုထိ စစ်တွေမှာ စောင့်နေတုန်းပဲ” ဟု ဆက်ပြောသည်။

ကိုပြည့်ဖြိုးလှိုင်အပါအဝင် ကျောင်းသားလူငယ် ၉ ဦးကို အာဏာပိုင်များက ၂၀၀၇ ခုနှစ်၊ သြဂုတ်လအတွင်းက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၈ နှစ်မှ ၂၄ နှစ်စီ အသီးသီးချမှတ်ထားသည်။

No comments:

Post a Comment