ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 17, 2009

ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထား

ဖြိုးကြီး

စစ်အစိုးရအာဏာပိုင်များက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားပြီးနောက် နိုင်ငံတော်အား နှောင့်ယှက်ဖျက်စီးလိုသူများ အန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့် အက်ဥပဒေ ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်သည်။

နေအိမ်အကျယ်ချုပ်သက်တမ်းပြည့်၍ ပြန်လွတ်တော့မည့်အချိန်၍ နေအိမ်အတွင်းသို့ နိုင်ငံခြားသားတဦး ရေးကူဝင်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ အမှုထပ်မံစွဲဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်သည့် ဒေါ်ခင်ဝင်းနှင့် သမီးဖြစ်သူတို့ကိုလည်း ပုဒ်မ ၂၂/၁၀၉ ဖြင့် တရားစွဲဆိုထားသည်။



ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် (Photo:AFP)
ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ မလုပ်သင့်မလုပ်ထိုက်ကြောင်း၊ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ အင်းလျားကန်ကို ဖြတ်ကူးကာ ဝင်ရောက်ခဲ့သည်ဟုဆိုသူ အမေရိကန်နိုင်ငံသားဖြစ်သူ ဝီလျှံ ယက်တောကိုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် မြို့တော်စည်ပင်သာယာရေး အက်ဥပဒေများဖြင့် အရေးယူထားပြီး ၎င်းအနေဖြင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ခဲ့သည်ကို မသိရှိရသေးပေ။

ဒေါ်အောင်ဆန်းစုကြည်အား ယခုလက်ရှိ အင်းစိန်ထောင်အတွင်း၌ သီးသန့်အိမ်တလုံးတွင် ချုပ်နှောင်ထားပြီး အဆိုပါအမှုကို ယခုလ (၁၈) ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်သည်။

No comments:

Post a Comment