ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 19, 2009

အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦး စစ်သားအဖြစ်စုဆောင်းခံရ

ဖြိုးကြီး

စစ်သားစုဆောင်းရေးအရာရှိတဦးက အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦးကို ငွေကြေးပေးကာ ဖြားယောင်းခေါ်ဆောင်သွားပြီး စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းသို့ ပို့လိုက်လိုက်သည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့သစ် (၇၀) ရပ်ကွက်၊ အပိုင်း (၈) နေ ကိုဖြိုးနှင့် မောင်ရဲကိုတို့အား ဒုတပ်ကြပ် ဟန်မျိုးမင်းက ယခုလ (၅) ရက်နေ့က ငွေသုံးသောင်းစီပေးကာ ခေါ်ဆောင်သွားပြီး (၉) ရက်နေ့တွင် စစ်အခြေခံလေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

“ကလေးတွေက ဘောသွားကန်နေရင်းနဲ့ ပျောက်သွားတာ၊ နောက်မှသိရတာက ရဲလင်းမောင်ဆိုတဲ့ ကောင်လေးက ခေါ်သွားပြီး သူနဲ့ပါလာတဲ့ စစ်သားက ကလေးတွေကို ပိုက်ဆံသုံးသောင်းစီပေးမယ်ဆိုပြီး ခေါ်သွားတာ၊ အခု ကျမသားက သထုံ အမှတ် (၉) သင်တန်းကျောင်းမှာ ရှိနေတယ်” ဟု မိခင်ဖြစ်သူ ဒေါ်တင်နွဲ့က ပြောသည်။

ယင်းကဲ့သို့ သားဖြစ်သူအား ခေါ်ဆောင်သွားသည်ကို ရပ်ကွက်လူကြီးများက သိရှိသော်လည်း တစုံတရာ အကူအညီပေးခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ကျမက တိုင်ထားတာတော့ မရှိပါဘူး၊ ရပ်ကွက်လူကြီးတွေလဲ ကျမသား ပျောက်သွားတယ်ဆိုတာ သိတာပဲ၊ အကူညီပေးတာ မရှိသေးဘူး၊ ရဲစခန်းတိုင်ဖို့ကျတော့လဲ အမှုဖွင့်ဖို့ ပိုက်ဆံကမရှိဘူး၊ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာ” ဟု ဆက်ပြောသည်။

စစ်သားအဖြစ် စုဆောင်းခံလိုက်ရသည့် မောင်ရဲကိုမှာ အသက် (၁၅) နှစ်ဖြစ်ပြီး ကိုဖြိုးမှာလည်း အသက် (၁၅) နှစ်ကျော်သာရှိသေးကြောင်း မောင်ရဲကို၏မိခင်က ဆက်ပြောသည်။

“ကျမသားလေးက အသက်ကလဲ ငယ်သေးတယ်၊ သူပဲ ကျမကို ရှာကျွေးနေတာ၊ လောလောဆယ် နေဖို့အိမ်ကလဲ မဆောက်ရသေးဘူး၊ အဲလိုတွေဖြစ်နေတာ၊ ကလေးနှစ်ယောက်စလုံးက ပိုက်ဆံပေးမယ်ဆိုတော့ အိမ်ဆောက်ဖို့အတွက် ပေးနိုင်မယ်ထင်ပြီး လိုက်သွားတာ” ဟု ဒေါ်တင်နွဲ့က ဆက်ပြောသည်။

ယင်းကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ်များကို စစ်သားအဖြစ် စုဆောင်းလိုက်ခြင်းနှင့်ပတ်သက်၍ မိခင်ဖြစ်သူက “ကျမဆန္ဒကတော့ ကျမသားလေးကို အမြန်ဆုံး အိမ်ကို ပြန်ပို့စေချင်ပါတယ်၊ ကလေးတွေက အသက်မပြည့်သေးတဲ့အပြင် မိသားစုကို ရှာကျွေးနေတာဖြစ်လို့ပါ” ဟု ဆက်လက်ပြောသည်။

စစ်အစိုးရအာဏာပိုင်များက ကလေးစစ်သားနှင့်ပတ်သက်၍ ညွှန်ကြားချက်များ ထုတ်ပြန်ထားသော်လည်း စစ်သားအသစ် စုဆောင်းသူများအနေဖြင့် ကလေးငယ်များကို နည်းလမ်းပေါင်းစုံဖြင့် စုဆောင်းနေလျှက်ရှိသည်။

No comments:

Post a Comment