ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 10, 2009

ရန်ကုန်စားသောက်ဆိုင်များတွင် အမြတ်ခွန်ပေး၍ စားသုံးနေရ

ဗထူး

ရန်ုကုန်မြို့စားသောက်ဆိုင်များတွင် စားသုံးသူများအနေဖြင့် ယခုအခါ အမြတ်ခွန်ခပါ ပေး၍ စားသုံးနေကြရသည်။

စားသောက်ဆိုင်များတွင် လာရောက်စားသုံးသူများက ကျသင့်ငွေအပြင် ၁၀ ရာခိုင်နှုန်း အမြတ်ခွန်အဖြစ် ထပ်မံ ပေးချေစားသောက်နေရခြင်းဖြစ်သည်။

ရန်ကုန်မြို့ခံတဦးက “ ရန်ကုန်မှာတော့ အထူးခြားဆုံးကိစ္စပဲ။ လူလေးယောက်က ဘီယာနဲ့ အစားအသောက် မှာစားတာ ကျပ် ၁၀,၀၀၀ ကျတယ်ဆိုရင် စားသောက်ခအခွန် ၁၀ ရာခိုင်နှုန်း ၁,၀၀၀ နဲ့ စုစုပေါင်း ၁၁,၀၀၀ ပေးပြီး ဘီလ် ရှင်းရတာ။ ခုလ (၁) ရက်နေ့က စတာ” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

အမြတ်ခွန်နှင့် ကုန်သွယ်ခွန်ကို စားသောက်ဆိုင်များက ပေးဆောင်ထားပြီးဖြစ်သော်လည်း ယခုကဲ့သို့ စားသုံးသူများထံမှ ထပ်မံကောက်ခံခြင်းမှာ မဖြစ်သင့်သလို ပေးဆောင်ရန်လည်း အကြောင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စားသုံးသူများထံမှ အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံရန် ကောက်ခံရရှိသည့် ငွေပြေစာဖြတ်ပိုင်းများကို လစဉ်အလိုက် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနသို့ ပေးသွင်းရမည်ဖြစ်ပြီး ပျက်ကွက်သည့် စားသောက်ဆိုင်များအား ကုန်သွယ်အခွန်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း စစ်အစိုးရက ပြီးခဲ့သည့် ဇွန်လတွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

“ဆိုင်ရှင်ဆီကလည်း အခွန်ကောက်တယ်။ စားသုံးသူဆီကလည်း ကောက်တယ်ဆိုတာ လုံးဝ မဖြစ်သင့်တဲ့ကိစ္စပဲ။ အခု စားသောက်တဲ့လူတွေဆီက ၁၀ ရာခိုင်နှုန်းကောက်လို့ လာစားတဲ့လူနဲ့ ဆိုင်ရှင်နဲ့ ခဏခဏ ပြဿနာတက်နေတယ်။ ဒါ အဓိကတရားခံက အစိုးရလုပ်သူရဲ့ မှားယွင်းတဲ့ အမြတ်ခွန်စံနစ်ကြောင့်ပဲ” ဟု အဆိုပါမြို့ခံက ပြောသည်။

သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှ စားသောက်ဆိုင်နှင့် ဘီယာဆိုင်များတွင် တရားဝင် ကြေညာထားသည့် သတိပေးစာများကို ကပ်ထားခြင်းမရှိသော်လည်း စားသုံးသူ၏ ငွေပြေစာဖြတ်ပိုင်းပေါ်တွင် အမြတ်ခွန်ကောက်ခံရရှိပြီးဖြစ်ကြောင်း ရိုက်နှိပ်ရန် တံဆိပ်တုံးများကို စားသောက်ဆိုင်များအား သက်ဆိုင်ရာ အမြတ်ခွန်ရုံးမှ ထုတ်ပေးထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရက စားသောက်ဆိုင်များအနေဖြင့် သတ်မှတ်ထားသည့် အခွန်များ ပေးဆောင်၍ စားသောက်ဆိုင်လုပ်ငန်းများကို လုပ်ကိုင်ရန် တရားဝင် ထုတ်ပြန်ခဲ့ပြီးနောက် မြို့နယ်အခွန်ဦးစီးမှူးများမှ သက်ဆိုင်ရာမြို့နယ်အတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင်များအား ခေါ်ယူကာ အခွန်ပညာပေး ဆွေးနွေးပွဲများ ပြုလုပ်နေသည့် သတင်းများကို သတင်းစာများတွင် ဖော်ပြနေလျက်ရှိသည်။

“ဒီကိစ္စက ကျနော်တို့နိုင်ငံနဲ့ လုံးဝ မကိုက်ညီဘူး။ ဒီနိုင်ငံမှာက ကိုယ့်လုပ်အားခကို နာရီနဲ့ရတဲ့ နိုင်ငံသားတွေ မဟုတ်လို့ပဲ” ဟု ရန်ကုန်ဒေသခံက ပြောဆိုသွားခဲ့သည်။

No comments:

Post a Comment