ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 10, 2009

ငါးလကျော်ပျောက်ဆုံးနေသည့် ကလေးကို စစ်တပ်က ခေါ်သွားကြောင်းသိရ

ရိုးမ ၃

ငါးလကျော်ပျောက်ဆုံးသွားသည့် ကလေးငယ်တဦးကို စစ်တပ်ထဲရောက်နေကြောင်း စစ်သားတဦးကပြောပြမှ သိရခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်မြသန်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၁၄) ရက်နေ့က ပဲခူးမြို့နယ်၊ ငကျွဲကောကျေးရွာမှ အသက် (၁၆) နှစ်အရွယ် မောင်ကျော်ဇင်ထွန်းကို စစ်သားတဦးက မိဘများမသိအောင် ခေါ်ဆောင်သွားပြီး စစ်သားစုဆောင်းရေးတပ်သို့ ပို့လိုက်ခြင်းဖြစ်ပြီး ယခုလ (၅) ရက်နေ့ကမှ သိရှိရကြောင်းမိခင်ဖြစ်သူက ပြောသည်။

“ရွာကို စစ်သားတယောက် လာလည်တယ်။ ပြီးတော့ အမေကြီးရွာကို သွားလည်မယ်ဆိုပြီး ခေါ်သွားတာ။ အဲဒါကို လိုက်မေးတော့ ဘယ်မှာရှိတယ်ဆိုတာ မပြောဘူး။ သူနေတဲ့ ပျဉ်ပုံနားက တပ်ကို လေးငါးခေါက်လောက် သွားမေးတော့ အခုတခေါက်မှ သူတို့စစ်တပ်က ဆေးမှူး တပ်ကြပ်ခင်ဇော်က သနားလို့ဆိုပြီး ကျမကိုပြောလို့ သိတာ” ဟု ပြောသည်။

ကလေးကိုခေါ်ဆောင်သွားသူမှာ ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာအနီး အမှတ် (၇) ခြေမြန်တပ်ရင်းမှ တပ်သား အောင်မြတ်သူဖြစ်ပြီး ဒညင်းကုန်း စစ်သားစုဆောင်းရေးတပ်သို့ ပို့လိုက်ကြောင်း သိရသည်ဟု မိခင်ဖြစ်သူက ဆက်ပြောသည်။

မောင်ကျော်ဇင်ထွန်းမှာ ပညာအရည်အချင်း (၃) တန်းအထိသာ သင်ကြားခဲ့ပြီး မှတ်ဉာဏ်မကောင်းသဖြင့် ပြန်လည်ခေါ်ယူချင်ကြောင်း ပြောဆိုပြီး မိခင်ဖြစ်သူ ဒေါ်မြသန်းက “ကလေးက ဦးနှောက်လည်း သိပ်မကောင်းဘူး။ အသက်က (၁၆) နှစ်တောင် မပြည့်သေးဘူး။ အိမ်မှာလည်း သူကို ခိုင်းရင်လုပ်တယ်၊ မခိုင်းရင် မလုပ်တတ်ဘူး။ ကျမသားလေးကို ပြန်ခေါ်ချင်တယ်။ ငိုနေရတာက နေ့တိုင်းပဲ။ သူ့အဖွားတွေကလည်း နှလုံးရောဂါဖြစ်နေပြီလားမသိဘူး” ဟု ပြောသည်။

ယခုအခါ မောင်ကျော်ဇင်ထွန်းမှာ ဒညင်းကုန်းစစ်သားစုဆောင်းရေးစခန်းတွင် ရှိ၊ မရှိကို အတိကျမသိရသေးကြောင်း ဒေါ်မြသန်းက ဆက်ပြောသည်။

“အခု အဲဒီမှာရှိလားလည်း မသိဘူး။ ဘယ်ရောက်နေတယ်ဆိုတာ မသိဘူး။ စုဆောင်းရေးတပ်ကိုတော့ လိုက်မသွားရသေးဘူး” ဟု ပြောသည်။

မိသားစုအနေဖြင့် စီးပွားရေးချို့တဲ့မှုကြောင့် သားဖြစ်သူကို စစ်တပ်ထဲမှ ပြန်ခေါ်ရန်အတွက် (ILO)အဖွဲ့ထံ အကြောင်းကြားတိုင်တန်းမှုများ ပြုလုပ်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်းကို အဆိုပါကိစ္စကို လိုက်လံကူညီပေးသူတဦးက ပြောသည်။

မြန်မာစစ်အစိုးရက အရွယ်မရောက်သေးသည့် ကလေးငယ်များကို စစ်သားအဖြစ် အသုံးပြုခြင်းမရှိကြောင်း အကြိမ်ကြိမ် ပြောဆိုထုတ်ပြန်ကြေညာခြင်းများ ပြုလုပ်နေသော်လည်း မြန်မာပြည်အနှံ့အပြားတွင် ယခုကဲ့သို့ ကလေးငယ်များ မကြာခဏ စစ်သားအဖြစ် စုဆောင်းခံရခြင်းများ ဖြစ်ပွားနေလျက်ရှိသည်။

No comments:

Post a Comment