ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 10, 2009

ကယန်းပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသတွင် ကြံ့ဖွံ့အသင်း မဲဆွယ်မှုစတင်

ရိုးမ ၃

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ကြံ့ဖွံ့အသင်းက ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်သည့်အနေဖြင့် လူထုစည်းရုံးရေးလုပ်ငန်းများကို စက်တင်ဘာလဆန်းပိုင်းက စတင်လုပ်ဆောင်နေကြောင်း ကယန်းမျိုးဆက်သစ် လူငယ်များအစည်းအရုံး ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့်လ (၃) ရက်နေ့မှစတင်ကာ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နှင့် ဆီဗူးသို့ မော်တော်ကားလိုင်းများ ထပ်မံတိုးချဲ့ ပြေးဆွဲခြင်းများပြုလုပ်ကာ လူထုစည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်လာခြင်းဖြစ်သည်။

“အဓိကကတော့ သူတို့ လိုင်းကားဆွဲတာတွေကို လုပ်တာပါ။ အရင်တုန်းက အဲဒီမှာ လိုင်းကားဆွဲတာတွေ ရှိပေမဲ့ သာမာန်အရပ်သားတွေပဲ လုပ်တာ။ အခုဟာက ကြံ့ဖွံ့က ထပ်လုပ်တာ။ သူတို့ပြောတာက ဒေသခံတွေ သွားလာရေးအဆင်ပြေအောင် လုပ်ပေးတာဆိုပြီး ပြောတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဖယ်ခုံမြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူးကိုယ်တိုင် ဦးစီးကာ တရွာဝင်တရွာထွက် လိုက်လံစည်းရုံးလှုံ့ဆော်မှုများလည်း ပြုလုပ်နေလျှက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အဲလိုစည်းရုံးရေး လိုက်လုပ်တဲ့နေရာမှာ သူတို့ မဲကောင်းကောင်းပေးဖို့နဲ့ လာမဲ့ရွေးကောက်ပွဲမှာ သူတို့က ထောက်ခံမဲကို ရအောင်လုပ်ရမယ် ဆိုတဲ့သဘော ပြောတာ၊ ပြည်သူလူထုအနေနဲကတော့ အကုန်လုံး နားလည်ပြီးသားပါ” ဟု ပြောသည်။

အဆိုပါဒေသသည် ကယန်းပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသဖြစ်ပြီး အာဏာပိုင်များဘက်က ၂၀၀၈ လူထုဆန္ဒခံယူပွဲ ကာလအတွင်းကလည် ထောက်ခံမဲများရရန် မက်လုံးပေးစည်းရုံးမှုများ ပြုလုပ်ခဲ့သည်။

“အရင်ဆန္ဒခံယူပွဲတုန်းက သူတို့ အင်တာနက်လာချပေးတယ်။ အဲဒီဒေသမှာ ကန့်ကွက်မဲတွေများလည်းများရော သူတို့ လာသိမ်းသွားတယ်။ အခုလိုင်းကားတွေလဲ အဲလိုပဲ ဖြစ်မယ်ဆိုတာ ပြည်သူတွေက သိထားပါတယ်” ဟု ဆက်လက်ပြောဆိုသည်။

အလားတူ မြန်မာနိုင်ငံအလယ်ပိုင်း၊ ညောင်းဦးမြို့တွင် စက်မှု (၁) ဝန်ကြီးဌာနက ဦးဆောင်ကာ ယခုလ (၆) ရက်နေ့မှ စတင်၍ မျက်စိ အခမဲ့ စမ်းသပ်ကုသပေးခြင်းများ ပြုလုပ်ပေးနေပြီး အဆိုပါ လုပ်ရပ်သည်လည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေခြင်းသာဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေလျှက်ရှိသည်။

No comments:

Post a Comment