ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 10, 2009

ဘုံကျောင်းဆန်ဝေပွဲကို လာရောက်သည့် မြန်မာပြည်သားများ ယခင်နှစ်ထက် များပြားလာ

ဖြိုးကြီး

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ပေါ်ရှိ တရုတ်ဘုံကျောင်းတွင် ယနေ့ ညနေ (၃) နာရီတွင် ပြုလုပ်မည့် ဆန်နှင့် အစားအသောက်များ ပေးလှူပွဲသို့ လာရောက်တန်းစီသူ မြန်မာပြည်သားများ ယခင်နှစ်များထက် ပိုမိုများပြားလျက်ရှိသည်။

စားဝတ်နေရေးကြပ်တည်းမှုများနှင့် ဆန်ဈေး၊ ကုန်ဈေးနှုန်းများ အဆမတန် မြင့်မားနေမှုကြောင့် မဲဆောက်ဒေသအတွင်းရှိ မြန်မာအလုပ်သမားများနှင့် မြဝတီဘက်ကမ်းမှ လာရောက်သူများ ပိုမိုများလာခြင်းဖြစ်ကြောင်း မြဝတီမှလာရောက်တန်းစီသူ အမျိုးသမီးတဦးက ပြောသည်။

“ဆန်တို့၊ စားစရာတို့ ဝေမယ်ဆိုလို့ မနက် (၈) နာရီလောက်ကတည်းက လာတာ။ တုံကင်တော့ ရထားပြီ။ မိသားစု ၅ ယောက်စလုံး အကုန်လုံးလာကြတာ။ ဘယ်လောက်ရမယ်ဆိုတာတော့ မသိသေးဘူး။ မြဝတီမှာက ကုန်ဈေးနှုန်းတွေက တအားကြီးတယ်လေ။ ဆန်ဈေးကလည်း ကြီးတယ်။ အခုလို အလှူလုပ်ပြီးပေးတာ တွေ့ရတော့ နည်းနည်းအဆင်ပြေတာပေါ့။ စားဝတ်နေရေးကြပ်တည်းတော့ တနပ်စာရလည်း မနည်းဘူးဆိုပြီး လာကြတာ” ဟု ပြောသည်။

အဆိုပါ ဆန်နှင့် အစားသောက်ပေးဝေရာသို့ မြန်မာပြည်သား တသောင်းကျော် လာရောက်တန်းစီနေလျက်ရှိပြီး သတ်မှတ်ထားသည့် တုံကင်လက်မှတ် ၁၀,၀၀၀ မှာ မနက်ပိုင်းတွင် ကုန်သွားကြောင်း လာရောက်တန်းစီသူ မြန်မာအလုပ်သမားတဦးက ပြောသည်။

“ကျနော်တို့ ရောက်တော့ လက်မှတ်ပေးတဲ့နေရာမှာ ကုန်သွားပြီ။ မရတဲ့သူတွေလည်း အများကြီးပဲ။ ကျနော်တို့က မယ်တောင်ဘက်က လာတာပါ။ လက်မှတ်တသောင်း ကုန်သွားတယ်ဆိုတော့ လာလက်စနဲ့ မထူးဘူးဆိုပြီး ဆက်စောင့်နေတာ။ သူတို့ ပိုတာတွေ ဝေရင်တော့ ရမှာပေါ့” ဟု ပြောသည်။

ယခုကဲ့သို့ မဲဆောက်တရုတ်ဘုံကျောင်းမှ ဆန်နှင့် အစားအသောက်များ လှူဒါန်းရခြင်းသည် တရုတ်တို့၏ ရိုးရာအယူအဆအရ ကွယ်လွန်သွားကြသည့် ၎င်းတို့မိသားစုဝင်များအနေဖြင့် ဆွေမျိုးမဲ့ ဝိဉာဉ်များကို လွတ်ရာလွတ်ကြောင်းအနေဖြင့် အလှူအတမ်းပြုလုပ်ခြင်းဖြစ်ကြောင်း တရုတ်ဘုံကျောင်းမှ ဥက္ကဌ နိုင်ဆူချပ်သရီလတ် ၀ပ်ထနာက ပြောသည်။

“အခုလို ပစ္စည်းတွေ ဝေငှပေးတာက လူမျိုးမရွေး၊ ဘာသာမရွေး ပေးတာပါ။ မြန်မာနိုင်ငံ၊ မြဝတီဘက်ကလာတဲ့ ညီနောင်တွေကိုလည်း အားလုံးကို တန်းတူညီမျှပေးတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခုနှစ် ပေးဝေရာတွင် ဆန်အိတ်ပေါင်း ၁၀,၀၀၀ နှင့် အခြား ငါးပိ၊ မားမားခေါက်ဆွဲခြောက်နှင့် မုန့်အခြောက်ထုပ်များ ပါဝင်ပြီး ဘတ် (၁) သန်းကျော် တန်ဖိုးရှိကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ယမန်နေ့ကလည်း မဲဆောက်မြို့ပေါ်ရှိ အစ္စလာမ်စီးပွားရေးလုပ်ငန်းရှင်များက စုပေါင်း၍ ဘတ်သိန်း (၇၀) ခန့်ကို ဆင်းရဲချို့တဲ့သည့် အစ္စလာမ်ဘာသာဝင် တသောင်းခွဲကျော်အား ပေးဝေးခဲ့သည်။

နှစ်စဉ် မဲဆောက်မြို့ရှိ တရုတ်ဘုံကျောင်းမှ ဆင်းရဲနွမ်းပါးသူများအား ဆန်နှင့် အခြားပစ္စည်းများ ပေးဝေလှူဒါန်းလျက်ရှိရာ ယခုနှစ်တွင် (၄၀) ကြိမ်တိုင် ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment