ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jan 6, 2010

ရိုးမ ၃ သတင်းဌာန တည်ထောင်ခြင်း (၁၂) မြောက်နေ့ အခမ်းအနားကျင်းပ

ဖြိုးကြီး

ရိုးမ ၃ သတင်းဌာန တည်ထောင်ခြင်း (၁၂) မြောက် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရိုးမ ၃ သတင်းဌာန စတင်ဖြစ်ပေါ်လာပုံနှင့် ဖြတ်သန်းခဲ့သည့် သမိုင်းကြောင်းကို သတင်းဌာန ဦးစီးတည်ထောင်ခဲ့သူ တဦးဖြစ်သူ ဦးကျော်ထက်က ရှင်းလင်းပြောကြားခဲ့သည်။


“ကျနော်တို့ နိုင်ငံမှာ ဖိနှိပ်မှုတွေ အရမ်းပြင်းပါတယ်၊ လူမသိသူမသိ မီဒီယာတွေမရောက်တဲ့ ဒေသက ဖိနှိပ်ခံရမှု တွေကို ဖော်ထုတ်ပြီး ပြည်သူတွေသိအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်လုပ်ဆောင်ခဲ့တာပါ” ဟု ပြောသည်။

ထို့နောက် ၁၂ နှစ်ကာလအတွင်း ရိုးမ ၃ သတင်းဌာန လုပ်ဆောင်ချက်များနှင့် အောင်မြင်ခဲ့မှုများကို အယ်ဒီတာ ဦးငြိမ်းလူက ယခုကဲ့သို့ ပြောသည်။

“အဓိက ကတော့ မြန်မာပြည်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နယ်စပ်ဒေသတလျှောက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အချက်အလက် အတိအကျမှတ်တမ်းတင်ခဲ့ပြီး အခြားမီဒီယာတွေ၊ သတင်းဌာနတွေကို ဖြန့်ဝေတာတွေလုပ်ခဲ့ပါတယ်” ဟု ပြောသည်။

ရိုးမ ၃ သတင်းဌာနအနေဖြင့် ၂၀၀၅ ခုနှစ်မှစ၍ အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) သို့ လူ့အခွင့်အရေးချိုး ဖာက်မှု မှတ်တမ်းအထောက်အထားများ ပေးပို့ကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေလျက်ရှိကြောင်း ဦးငြိမ်းလူက ဆက်ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသူများမှ အမှတ်တရနှင့် အကြံပြုချက်များ ပြောကြားရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၊ အလုပ်သမားဝန်ကြီး ဦးခွန်မြင့်ထွန်းနှင့် ကဗျာဆရာ ဦးလွဏ်းဏီတို့က အမှတ်တရစကားများ ပြောကြားခဲ့သည်။

ရိုးမ ၃ သတင်းဌာနကို ၁၉၉၈ ခုနှစ်တွင် ဘုရားသုံးဆူ နယ်စပ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စတင်စဉ်က မွန်၊ ကရင်ပြည်နယ်အတွင်းတို့မှ လူ့အခွင့်အရေးချိုးဖောက်မှုများကို အခြား ရေဒီယိုအသံလွှင့်ဌာနများသို့ ပေးပို့ခြင်းနှင့် လေးလတကြိမ်ထုတ်ဝေသည့် ရိုးမ ၃ သတင်းစာစောင်များ ဖြန့်ဝေခဲ့သည်။

၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်ကာ www.yoma3.org ဝဘ်ဆိုဒ်စာမျက်နှာအား စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်အတွင်းမှ ထူးခြားဖြစ်စဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ် တင်ပြပေးနေလျက်ရှိသည်။

ယနေ့ကျင်းပသည့် ရိုးမ ၃ သတင်းဌာနတည်ထောင်ခြင်း (၁၂) နှစ်မြောက်အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် သတင်းထောက်များ အင်အား (၅၀) ကျော် တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment