ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jan 9, 2010

နေရာမပြောင်းသည့်ဈေးသည်များကို ဒဏ်ငွေရိုက်

ဖြိုးကြီး

ဘိုကလေးမြို့မှ ဈေးသည်များကို နေရာမပြောင်းရွှေ့သောကြောင့် အာဏာပိုင်များက ဒဏ်ငွေရိုက်သည့်အတွက် ဒုက္ခရောက်နေရသည်။

ပြီးခဲ့သည့် ကြာသပတေးနှင့်သောကြာနေ့တို့တွင် ဘိုကလေးတရားရုံးက ဈေးသည် ၂၂ ဦးကို ဒဏ်ငွေ ၅၀၀၀ ကျပ်စီ ဆောင်ခိုင်းခဲ့သည်ဟု ဈေးသည်တဦးက ပြောသည်။

“သမီးတို့က တောဈေးတန်းက၊ နေကျန်ခဲ့လို့ဆိုပြီး ဒဏ်ငွေရိုက်လိုက်တာ။ သမီးတို့ ၃၀၀ လောက်ကျန်တာ၊ အခုဒဏ်ငွေ ဆောင်ရတော့ မနေရဲတော့ဘူး အဲဒီဘက်ကို ပြောင်းလိုက်ရတာ၊ တနင်္လာနေ့ကျရင် ကျန်တဲ့သူတွေ ဒဏ်ငွေ ဆက်ဆောင်ရဦးမယ်” ဟု ပြောသည်။

ဘိုကလေးမြို့ပေါ်ရှိ အခွန်လွတ်ဈေးနှင့် တောဈေးတန်းမှ ဈေးသည်များကို ကန်တော်ကြီး ရေကန်ဘေးသို့ ပြောင်းရွှေ့နေရာချထားရာ အရောင်းအဝယ်မကောင်းသည့်အတွက် ဈေးသည်များအနေဖြင့် မပြောင်းရွှေ့လိုကြောင်း ၎င်းကဆက်ပြောသည်။

“ပထမ တရက်ပြောင်းပြီး ရောင်းကြည့်သေးတယ်၊ အဲဒီနေ့က ၆၀၀ ဖိုးဘဲရောင်းရတယ်၊ အဲဒါနဲ့ ကိုယ့်ဈေးကိုယ် ပြန်ရောင်းလိုက်တာ၊ ဘယ်သူမှ အရောင်းအဝယ်မကောင်းလှဘူး၊ အဲဒီကနေ ဒီကိုပြန်ပြောင်းပြီးရောင်းတော့ တသောင်းကျော်ဖိုးရောင်းရတယ်၊ ကျမတို့ တော်တော်ဒုက္ခရောက်တယ်၊ ကလေးကျောင်း စရိတ်လဲရှိတယ်၊ ကိုယ့် ဈေးနေရာလေးဘဲ ပြန်ရောင်းချင်တာ” ဟု ပြောသည်။

ယခုနေရာပြောင်းရွှေ့ချထားပေးသည့် ဈေးမှာ သင်္ဘောဆိပ်နှင့် ဝေးလွန်းလှသည့်အတွက် အရောင်းအဝယ်မကောင်းသည့်အပြင် မိုးရာသီတွင် ရေမြုပ်သည့်နေရာဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“အခုနွေဘက်ဆိုလို့ တော်သေးတယ်၊ မိုးတွင်းဘက်ရောက်ရင် ရေက ဒူးခေါင်းကျော်တယ်၊ အဲဒီကန်တော်ကြီး ဘေးမှာက ကျမတို့က တောဈေးတန်းမှာရောင်းလာတာ ၁၅ နှစ်ကျော်ပြီလေ၊ အာဏာပိုင်တွေက ထပ်ရောင်းရင် ထောင် ၁ လချမယ်လို့ ပြောထားတော့ လန့်နေတာ” ဟု ဆက်ပြောသည်။

ဘိုကလေးမြို့၊ မြို့တော်ခမ်းမရှေ့ရှိ အခွန်လွတ်ဈေးနှင့် တောဈေးတန်းကို အာဏာပိုင်များက လမ်းပြုပြင်ရန် ကျောက်ပုံခြင်းများ၊ သံဃာတော်များ ဆွမ်းခံကြွရာတွင် မလွတ်မလပ်ဖြစ်သည်ဟု အကြောင်းပြကာ ပြောင်းရွှေ့ ခိုင်းခြင်းဖြစ်သည်။

No comments:

Post a Comment