ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jan 7, 2010

အသက်မပြည့်သူကို စစ်သားအဖြစ် စုဆောင်းခြင်းကို မိဘများက (ILO) သို့ တိုင်ကြား

ရိုးမ ၃

အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦးကို ကျောင်းဆင်းချိန်တွင် ခေါ်သွားကာ စစ်သားစုဆောင်းရေးသို့ ပို့လိုက်သဖြင့် မိဘများက ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ( ILO) သို့တိုင်ကြားထားသည်။

ဘိုကလေးမြို့မှ မောင်ဇော်မင်းပိုင်နှင့် သြဂတ်စတင်းဆိုသူ နှစ်ဦးအား ကျောင်းဆင်းချိန်တွင် နယ်လှည့် စုဆောင်းရေး တပ်မှ တပ်ကြပ်ဇော်မိုးနိုင်က ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့က ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မောင်ဇော်မင်းပိုင်နှင့် ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။



“ဒုတပ်ကြပ် ဇော်မိုးနိုင်က ကလေးတွေကို သိမ်းသွင်းပြီးတော့ ခေါ်သွားတာ၊ စုဆောင်းရေးတပ်ကိုပို့တယ်၊ အဲဒီကနေ အမှတ် (၅၃၄) ခြေလျင်တပ်ရင်းကို တဆင့် ထပ်ပို့တယ်၊ အဲဒီ ကနေ (၂၃) ရက်နေ့မှာ ပုသိမ် ကိုးသိန်းကုန်း စုဆောင်းရေးတပ်ကို ထပ်ပို့တယ်” ဟု ပြောသည်။

ပုသိမ် ကိုးသိန်းကုန်းစုဆောင်းရေးတပ်မှတဆင့် ၎င်းတို့ နှစ်ဦးအပြင် နောက်ထပ် ကလေးတဦးကို (၂၈) ရက်နေ့ တွင် မှော်ဘီသို့ ပို့ဆောင်လိုက်ကြောင်း ဆက်ပြောသည်။

“ပုသိမ်က တယောက်ပါ ထပ်ပါသွားတယ်ဆိုတာ ဂိတ်က တာဝန်ရှိတဲ့သူတယောက်က ပြောပါတယ်၊ အဲဒီနေ့မှာ အဖေဖြစ်သူရယ်၊ ဦးလေးဖြစ်သူရယ် လိုက်သွားတယ်၊ ကလေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အဲဒီမှာ တွေ့ရတယ်၊ ကလေးကိုတော့ ချက်ချင်းပေးမတွေ့နိုင်ဘူးလို့ ပြောတယ်၊ နောက်တလနေမှ ပေးတွေ့မယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။

မောင်ဇော်မင်းပိုင်၏ မွေးသက္ကရာဇ်မှာ ( ၂၆-၁၀-၁၉၉၃) ဖြစ်ပြီး မှတ်ပုံတင်အမှတ် ၁၄/ဘကလ(နိုင်)၂၃၉၉၂၂ ကိုင်ဆောင်သူဖြစ်ကာ ဘိုကလေးမြို့ အထက (၁) ကျောင်း၌ (၁၀) တန်းတက်နေသူဖြစ်သည်။ ၎င်းနှင့်အတူ စစ်သားအဖြစ် စုဆောင်းခံလိုက်ရသူ သြဂတ်စတင်း ဆိုသူမှာလည်း (၁၀) တန်းတက်နေသူ ကျောင်းသားတဦး ဖြစ်သည်။

“ခေါ်သွားတဲ့ တပ်ကြပ် ဇော်မိုးနိုင်က စုဆောင်းရေးတပ်ကပါ၊ သူက အဲလိုဘဲ ဘိုကလေးမြို့ပေါ်မှာ ကလေးတွေကို ခေါ်သွားပြီး ပျောက်သွားလိုက်၊ ပြန်လာလိုက်ပါပဲ” ဟု ပြောသည်။

ယခုကဲ့သို့ အသက်မပြည့်သေးဘဲ ကျောင်းတက်နေသည့် ကလေးငယ်များကို စစ်သားအဖြစ် အတင်းအကြပ် စုဆောင်းလိုက်ခြင်းနှင့်ပတ်သက်၍ မောင်ဇော်မင်းပိုင်၏ မိဘများက ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်( ILO) သို့ တိုင်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

စစ်အစိုးရအနေဖြင့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီကို ဖွဲ့စည်းထားသော်လည်း မြန်မာပြည်အနှံ့အပြားတွင် အသက်မပြည့်သေးသည့် ကလေးငယ်များမှာ နည်းမျိုးစုံဖြင့် စစ်သားအဖြစ် စုဆောင်းခံနေရလျက်ရှိသည်။

No comments:

Post a Comment