ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 7, 2010

ဒီကေဘီအေတပ်ဖွဲ့ဝင်များ လက်နက်ကိုင် ဆန္ဒပြနေ

November 7th, 2010 | ရိုးမ ၃

မြန်မာနိုင်ငံတနိုင်ငံလုံးတွင် စစ်အစိုးက အထွေထွေရွေးကောက်ပွဲ ပြုလုပ်နေသည့် တချိန်တည်းမှာပင် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရွေးကောက်ပွဲဖျက်သိမ်းပေးရန် (DKBA) တပ်ဖွဲ့ဝင်များက လက်နက်များကိုင်ဆောင်ကာ နေရာခွဲ၍ ဆန္ဒပြမှုများ ပြုလုပ်နေလျှက် ရှိသည်။


မြဝတီမြို့ ချစ်ကြည်ရေးတံတားထိပ်၊ ရဲစခန်း၊ စရဖရုံး၊ ရှေ့တန်းရုံး၊ ဆက်သွယ်ရေးရုံးနှင့် မြဝတီရုပ်မြင်သံကြားဌာနရုံးရှေ့များတွင် လူစုခွဲ၍ အင်အား ၂၀၀ ခန့်က ဆန္ဒပြနေခြင်းဖြစ်ကြောင်း ကလိုထူးဘောဗျူဟာ (၁) စစ်ဆင်ရေး အနီးကပ်တာဝန်ယူထားသူ ဗိုလ်မှူးက ပြောသည်။

“ကျနော်တို့က အခု ဘာမှမလုပ်သေးဘူး။ လက်နက်ကိုင်ထားပြီး အသံတိတ် ဆန္ဒပြနေတာဖြစ်တယ်။ ဆန္ဒပြစာရွက်တွေ ကပ်ထားတယ် တံတားပိတ်ထားလို့ ပြည်သူတွေ စားဝတ်နေရေး ကြပ်တည်းတာ တချက်၊ ရွေးကောက်ပွဲကိုတော့ စစ်မှန်တဲ့ ပွဲမဟုတ်လို့ တနိုင်ငံလုံး ဖျက်သိမ်းပေးဖို့နဲ့ အခု နယ်စပ်ဒေသတွေမှာ ဖျက်သိမ်းဖို့ ဆန္ဒပြနေတာ” ဟု ပြောသည်။

ဒီကေဘီအေအနေဖြင့် ယခုကဲ့သို့ လက်နက်ကိုင်ဆန္ဒပြနေမှုကို စစ်အာဏာပိုင်များက လာရောက်၍ တပ်ရုတ်သိမ်းရန် ပြောဆိုခဲ့သော်လည်း အထက်အမိန့် မရမချင်း ဆက်လက် ဆန္ဒပြနေဦးမည်ဖြစ်ကြောင်း ၎င်းဗိုလ်မှူးက ဆက်ပြောသည်။

“ကျနော်တို့ ဒီလိုလက်နက်ကိုင် ဆန္ဒပြရတာက ပြည်သူတွေကလဲ ဆန္ဒပြချင်တယ်။ ဒါပေမဲ့ စစ်တပ်က ပစ်ခတ်မှာစိုးလို့ ကျနော်တို့ကို ဒီလို လက်နက်နဲ့ကိုင်ပြီး ဆန္ဒပြတာဖြစ်တယ်။ စစ်တပ်က ကျနော်တို့ တပ်တွေကို ချက်ချင်း ရုတ်ခိုင်းတယ်၊ အကျယ်ကျယ်ပြဿနာမဖြစ်ချင်ဘူး ပြောတယ်။ ကျနော်က ဒါကို အမိန့်ပေးလို့မရဘူး။ ကျနော့်အထက်မှာ ဗျူဟာမှူးရှိသေးတယ်လို့ ပြောထားတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယင်းသို့ ဆန္ဒပြနေမှုနှင့် ပတ်သက်၍ အခြား တစုံတရာ ထူးခြားမှုများမရှိသေးကြောင်းနှင့် မည်မျှကြာအောင် ဆက်လက် ဆန္ဒပြနေဦးမည်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ ဒီကေဘီအေအနေနဲ့က ပြည်သူလူထုတွေ လွတ်လွတ်လပ်လပ် သွားလာ၊ စားသောက်နေတာ မြင်ချင်တယ်။ ကျနော်တို့ကိုလဲ နိုင်ငံတော်မှာ အေးအေးချမ်းချမ်း နေခွင့်ရချင်တယ်။ အားလုံးကို မောင်းထုတ်တာ၊ ပြောင်းခိုင်းတာမျိုး မလိုချင်ဘူး” ဟု ပြောသည်။

No comments:

Post a Comment