ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 12, 2010

လူထုခေါင်းဆောင် ပြန်လွတ်တော့မည်

November 12th, 2010 | ရိုးမ ၃

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးမည်ဟု စစ်အစိုးရ နေပြည်တော်ရပ်ကွက်က စာထုတ်လိုက်ပြီဆိုသည့် သတင်းများကြောင့် ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးတွင် ရာချီသော အဖွဲ့ချုပ်အဖွဲ့ဝင်များ ကြိုဆိုစောင့်ဆိုင်းနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ယနေ့ လွတ်မည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက “ဒီနေ့ ညနေ ၄ နာရီမှာ ဒေါ်စုကို လွှတ်မှာဖြစ်ပါတယ်၊ စစ်အစိုးရဆီက လိုအပ်တဲ့ စာရွက်စာတမ်းတွေအားလုံး ရနေပါပြီ၊ လက်ရှိမှာလည်း သူမအိမ်ထဲမှာ သံတမန်အချို့နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေရောက် နေပါပြီ။ တပြိုင်နက်တည်းမှာပဲ ဒေါ်စုအိမ်တဝိုက်မှာလဲ လုံခြုံရေးအဖွဲ့တွေလည်း အတော်များများ ချထားတယ်” ဟု ပြောသည်။


နိုင်ငံခြားသတင်းမီဒီယာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ လွတ်မြောက်တော့မည်ဖြစ်ကြောင်း စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ၏ ပြောစကားကို ကိုးကားပြီး ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

ဒေါ်အောင်ဆန်းစုလွတ်မြောက်လာမည့် သတင်းများကြောင့် ရန်ကုန်မြို့တွင်း လုံခြုံရေးများ ချထားပြီး လူတော်တော်များများလည်း စိတ်ဝင်တစားဖြင့် လှုပ်ရှားရှား မြင်တွေ့ရကြောင်း ရန်ကုန်မြို့ခံ နောက်တဦးက “ဒေါ်စု သားငယ်လည်း ခြံထဲကို ဝင်သွားပါပြီ။ တာမွေ၊ လှည်းတန်းဘက်မှာလည်း စွမ်းအားရှင်လို လူမိုက်တွေကိုလည်း အင်အားပြထားတယ်” ဟု ပြောသည်။

စစ်အစိုးရအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း အမေရိကန်နိုင်ငံသားတဦး ကျူးကျော်ဝင်ရောက်လာတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ချိုးဖောက်မှုဖြင့် အင်းစိန်အထူးတရားရုံးက ၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် နေအိမ်အကျယ်ချုပ် သက်တမ်း ၃ နှစ်ကျခံရန် အမိန့်ချမှတ်ခဲ့သည်။ အဆိုပါ အမိန့်ချမှတ်ပြီး တဆက်တည်းမှာပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမိန့်နှင့် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံစေရန် ပြင်ဆင်ချမှတ်လိုက်ခြင်း ဖြစ်သည်။

No comments:

Post a Comment