ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 13, 2010

လူထုခေါင်းဆောင် ပြန်လည်လွတ်မြောက်ပြီ

November 13th, 2010 | ကောင်းမြတ်ကျော်

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း ၂၁ နှစ်အတွင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မြန်မာစံတော်ချိန် ၅ နာရီ ၁၅ မိနစ်အချိန်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ပြီဖြစ်သည်။

ယမန်နေ့မှစ၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မည်ဆိုသည့် သတင်းများကြောင့် ထောင်ဂဏန်းရှိသော အင်န်အယ်ဒီပါတီဝင်များအပါအဝင် ပြည်သူလူထုက သူမ၏ နေအိမ်ရှေ့နှင့် အင်န်အယ်ဒီရုံးချုပ်ရှေ့များတွင် ကြိုဆိုစောင့်ဆိုင်းနေခဲ့ကြသည်။


သို့သော် ယနေ့နေ့လည်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသောကြောင့် စောင့်ဆိုင်းနေသည့် လူထုမှ ဒေါသထွက်ကာ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”၊ “ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်” စသည့် ကြွေးကြော်သံများ ကြွေးကြော်၍ ဆန္ဒပြခဲ့ကြသည်။ ထိုသို့ဆန္ဒပြစောင့်ဆိုင်းနေစဉ် ယခုကဲ့သို့ မြန်မာစံတော်ချိန် ၅ နာရီကျော်တွင် နအဖစစ်အုပ်စုမှ ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ဒီပဲယင်း အကြမ်းဖက် လုပ်ကြံမှုပြီးနောက် နောက်ဆုံး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ်၊ မေလတွင် လွတ်ရက်စေ့သော်လည်း အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တော သူမ၏ နေအိမ်တွင်း ဝင်ရောက်မှုဖြင့် အင်းစိန်အထူးတရားရုံးမှ ၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် နေအိမ်အကျယ်ချုပ် သက်တမ်း ၃ နှစ် ကျခံရန် အမိန့်ချမှတ်ခဲ့သည်။ အဆိုပါ အမိန့်ချမှတ်ပြီး တဆက်တည်းမှာပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမိန့်နှင့် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံစေရန် ပြင်ဆင်ချမှတ်ခဲ့သည်။

ထိုသို့ ထပ်မံ၍ နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့ရပြီး ၁၈ လပြည့်သည့် ယနေ့တွင် လူထုခေါင်းဆောင် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီပဲယင်း အကြမ်းဖက် လုပ်ကြံမှု ခံရပြီးနောက် ယနေ့အထိ တဆက်တည်း ၇ နှစ်ခွဲကျော် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရခြင်းဖြစ်သည်။

No comments:

Post a Comment