ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Nov 8, 2010

ဒီကေဘီအေနှင့် နအဖတပ်များ မြဝတီတွင် တိုက်ပွဲဖြစ်ပွားနေ

November 8th, 2010 | ရိုးမ ၃

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တွင် ဒီကေဘီအေတပ်များနှင့် နအဖတပ်များအကြား ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ဘက်နှင့် အရပ်သားများ ထိခိုက်ဒဏ်ရာရမှုများရှိနေသည်။


အဆိုပါစစ်ပွဲမှာ ယနေ့ မြန်မာစံတော်ချိန် (၉) နာရီဝန်းကျင်တွင် စတင်ဖြစ်ပွားပြီး နှစ်ဘက်စစ်သည်များ အကျအဆုံးရှိပေမယ့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စာရင်းအတိအကျ မပြောနိုင်သေးကြောင်း ဒီကေဘီအေတပ်ဖွဲ့မှ စစ်ဆင်ရေးတာဝန်ယူထားသည့် ဗိုလ်မှူးစိုင်းအောင်က ပြောသည်။

ဆက်လက်၍ သူက နအဖတပ်တွေ လေးဘက်လေးတန်က ဝိုင်းလာ၍ ချစ်ကြည်ရေးတံတားမှ ကိုက် (၇၀) ခန့်အထိ ဆုတ်ခွာပေးခဲ့ရကြောင်း၊ တက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ပြောသည်။

မြဝတီမြို့အတွင်းတွင်လည်း လက်နက်ကြီးကျည်ဆံများ ကျရောက်မှုများရှိများနေပြီး ထိုင်းဘက်ခြမ်း မဲဆောက်မြို့ တံတားအထိပ်ထိ လက်နက်ကြီးကျည်ဆံများ ကျရောက်မှုများရှိနေသည်။

တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း ချစ်ကြည်ရေးတံတားထိပ် ညာဘက်ခြမ်းမှ ရဲစခန်းရှေ့တွင် လက်နက်ကြီးကျည်ဆံကျရောက်ခဲ့သည့်အတွက် ဟိုင်းလတ်ကားတစီးနဲ့ လူနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရပါတယ်။

မြဝတီမြို့ခံတဦးပြောပြချက်အရ ယမန်နေ့ ညပိုင်းမှစပြီး တိုက်ပွဲဖြစ်မယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ခံများ ထိပ်လန့်ပြီး ယနေ့ နေ့လယ်ပိုင်းအထိ အပြင်ထွက်သူမရှိသလောက် ဖြစ်နေကြောင်း၊ လက်နက်ကြီးကျဉ်ဆံများ မြို့အနှံ့ ပျောက်တိပျောက်ကြား ကျနေသည့်အတွက်ကြောင့် မြို့ခံများ အရမ်းထိန့်လန့်နေကြောင်း၊ ဆိုင်ကယ်သမားတဦးအပါအဝင် အရပ်သားသုံးဦးထက်မနည်း လက်နက်ကြီးကျဉ်ဆံထိပြီး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

မြဝတီဆေးရုံပေါ်တွင် တိုက်ပွဲဖြစ်၍ ထိခိုက်ဒဏ်ရာရသူ အယောက် (၂ဝ) ရှိနေပြီး မဲဆောက်ဆေးရုံကြီးနှင့် မယ်တော်ဆေးခန်းများသို့လည်း ထိခိုက်ဒဏ်ရာရသူ အနည်းငယ် ရောက်ရှိနေသည်။

နေ့လည် (၁) နာရီခွဲအချိန် ဆက်သွယ်မေးမြန်းချက်အရ မြဝတီဘက်မှ စစ်ပြေးဒုက္ခသည် တသောင်းကျော် ထိုင်းဘက်ခြမ်းသို့ ရောက်ရှိနေပြီး ထိုင်းစစ်တပ်မှ နေရာချထားပေးကြောင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

No comments:

Post a Comment