ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Feb 4, 2009

ရှင်သန်နိုးကြားနေသည့် သာဓကတခု (သို့မဟုတ်) လက်တွေ့ကျကျ စဉ်းစားကြစေချင်တယ်

ဇန်နဝါရီလ (၂၁) ရက်နေ့စွဲဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ၏ ရှည်လျားလှသော “လူထုအုပ်ချုပ်ရေး ချမှတ်ကျင့်သုံးသည့် အခြေခံဖြင့် တရားဝင်မှုကို ရှာဖွေနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေး လွှတ်တော်ဖွဲ့စည်း၍ အမျိုးသားညီညွတ်ရေးအစိုးရတရပ် ပေါ်ပေါက်လာအောင် ဆောင်ရွက်သွားသင့်ကြောင်း လူထုတစ်ရပ်လုံးသို့ အဆိုပြုတင်ပြချက်” ဆိုသည်ကို အင်တာနက်အီးမေးလ် အုပ်စုများမှတဆင့် လက်ခံရရှိပါသည်။

ယင်း ရှည်လျားလှသော အဆိုပြုတင်ပြချက်သည် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီက ၎င်း၏အဖွဲ့ဝင် အဖွဲ့အစည်းများသို့ ပေးပို့ထားခဲ့ပြီးဖြစ်သော ယခင်အဆိုပြုတင်ပြချက်နှင့် အချို့နေရာ တော်တော်များများတွင် မတူညီမှုများရှိသည်ဟု ပြောဆိုသံကိုလည်း ကြားရပါသည်။ အချို့ လေ့လာစောင့်ကြည့်သူများကဆိုလျှင် (၂၁) ရက် နေ့စွဲဖြင့် ပေးပို့ရာတွင် (Cover Letter)၌ (NCUB Letter Head) ပါသော်လည်း ယခင်လို တွဲဘက်အတွင်းရေးမှူး(၁)၏ လက်မှတ်မပါရှိကြောင်းကိုပင် ထောက်ပြကြပါသည်။

မည်သို့ပင်ဖြစ်စေ ပြည်သူလူထုတစ်ရပ်လုံးသို့ အဆိုပြုတင်ပြလာသည်ဖြစ်သဖြင့် ပြည်သူလူထုဘက်က ရပ်တည်သူများကလည်း ပြည်သူများဘက်က ရပ်တည်ကိုယ်စားပြု၍ ပြန်လည်ဆွေးနွေး ဝေဖန်ဆန်းစစ်ရပေါတော့မည်။

အဆိုတင်ပြချက်၏ အစမှာပင် “ပိုအားကောင်းသောညီညွတ်မှု တည်ဆောက်ရန် နည်းလမ်းများ ရှာဖွေမှုများကို ပိုမိုရှင်းလင်းရန် တင်ပြခြင်းဖြစ်သည်” ဟု ဖော်ပြထားပါသည်။

ယင်းအချက်မှ အောက်ပါ ကောက်ချက် (၂) ရပ်ကို ရရှိပါသည်။

* ပိုမိုအားကောင်းသော ညီညွတ်မှု တည်ဆောက်ရန်လိုအပ်သည်။
* ညီညွတ်မှုတည်ဆောက်ရန် နည်းလမ်းများစွာရှိသည်။

ယင်းကောက်ချက်အတိုင်းဆိုလျှင် ယခုအဆိုပြုတင်ပြချက်ကိုလည်း ညီညွတ်မှုတည်ဆောက်ရန် နည်းလမ်းများစွာရှိသည့်အနက်မှ နည်းလမ်းတခုအဖြစ်သာလျှင် ဖြစ်သည်ဟုသာ သဘောထားရပေတော့မည်။ ယင်းသို့ သဘောထားရမည်ကို ခိုင်လုံစေသည့် အချက်အလက်များလည်း အဆိုပါ အဆိုပြုတင်ပြချက်၏ စာမျက်နှာ (၁) အချက်အမှတ် (က)၊ (ဂ)၊ (ဃ) တို့တွင် ဖော်ပြပါရှိသည်။

ယင်းသို့ တင်ပြထားသော်လည်း အဆိုပါ အဆိုပြုတင်ပြချက်၏ စာမျက်နှာ (၃)နှင့် (၄)တွင် ဖော်ပြချက်များသည် အထက်တွင် ဖော်ပြချက်များနှင့် ရှေ့နောက်မညီဘဲ ဆန့်ကျင်ကွဲလွဲနေပြန်သည်။

* တပ်ပေါင်းစုသဘောဆောင်သော အဖွဲ့အစည်းများ အများအပြားတည်ရှိခြင်း
* နိုင်ငံရေးအရ အဓိက အသံတသံတည်းမထွက်သည့် အနေအထားကို မလွဲမသွေ ကြုံတွေ့လာခြင်း
* တပ်ပေါင်းစုအနေအထားသို့ ရောက်နေသည့် အဖွဲ့အစည်းကြီးများအားလုံးကို ဖျက်သိမ်းကာ တဖွဲ့ချင်းပါဝင်နိုင်သည့် တခုတည်းသော နိုင်ငံရေးတပ်ပေါင်းစု ဖြစ်ပေါ်လာအောင် ရေရှည်လုပ်ဆောင်သွားနိုင်ရန်

အထက်ပါအချက်များသည် လက်ရှိတည်ရှိနေသော တပ်ပေါင်းစုနှင့် တပ်ပေါင်းစုသဘောဆောင်သော အဖွဲ့အစည်းများနှင့် ပတ်သက်၍ ၎င်းတို့၏သဘောထားကို ရှင်းလင်းစွာ ဖော်ပြနေပါသည်။

နိုင်ငံရေးအရ တသံတည်းမထွက်ခြင်းသည် ကိုယ်စားပြုရပ်တည်မှု၊ ရင်ဆိုင်ရသည့်အခြေအနေနှင့် ပြဿနာအမျိုးအစားပေါ် မူတည်သည်။ အဖွဲ့အစည်းတိုင်းတွင် လွတ်လပ်သည့် ကိုယ်ပိုင်ဆုံးဖြတ်မှုနှင့် ရွေးချယ်မှုကိုယ်စီ ရှိပါသည်။ မည်သူကမျှ ချုပ်ချယ် ကန့်သတ်ထား၍ မရနိုင်ပါ။

“ဒီမိုကရေစီလှုပ်ရှားမှုကြီးတွင် တသွေးတသံတမိန့်ပုံဆောင်သည့် အကြွင်းမဲ့ ညီညွတ်ရေးဟူသည် မရှိနိုင်ပါ။ မတူညီသော ရပ်တည်ချက်၊ အမြင်၊ နည်းနာများရှိသည်မှာ သဘာဝကျပါသည်။ ဤသည်မှာ အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေစဉ်အတွင်း ဒီမိုကရေစီ ကျင့်သုံးခြင်းသာဖြစ်သည်” မဟုတ်ပါလော။

စစ်အစိုးရကို တိုင်းရင်းသားအင်အားစုတိုင်းက၊ နိုင်ငံရေးအဖွဲ့အစည်းတိုင်းက ဆန့်ကျင်တွန်းလှန်နေသည်၊ ဘုံရန်သူကို တိုက်နိုင်ဖို့ ဘုံရန်သူဆန့်ကျင်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းကြရမည်။ “တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်” ဟု ရှေ့က ခေါင်းဆောင်များက သူ့တို့၏ ဖြတ်သန်းမှုအတွေ့အကြုံများအရ ညွှန်ပြထားခဲ့ကြပြီ။

“တပ်ပေါင်းစုအနေအထားသို့ ရောက်ရှိနေသည့် အဖွဲ့အစည်းကြီးများအားလုံးကို ဖျတ်သိမ်းရန်” မည်သူ့တွင် အခွင့်အာဏာရှိနေပါသနည်း။ နိုင်ငံရေးတပ်ပေါင်းစုမဖွဲ့ဘဲ လွှတ်တော်ဖွဲ့ရမည်ဟု ဆုံးဖြတ်ရမည့်အခွင့်အာဏာ မည်သူ့တွင် ရှိပါသနည်း။

မည်သည့်အဖွဲ့အစည်းများကို ဖျက်သိမ်းပစ်ရန် ရည်ရွယ်ပြောဆိုနေတာပါလဲ။ ယင်းသို့ပြောဆိုရန် သင့်ပါသလား။ ယင်းပြောဆိုချက်သည် တည်ရှိနေသော စုဖွဲ့မှုများကို စိန်ခေါ်လိုက်ခြင်းပင်ဖြစ်ပါသည်။ ခြိမ်းခြောက်ခြင်းပင်ဖြစ်ပါသည်။

သို့ပါ၍ အထက်ပါအချက်များသည် “သဘာဝကျပါသည်၊ အာဏာရှင်စနစ်ကို တိုက်ခိုက်နေစဉ်အတွင်း ဒီမိုကရေစီကျင့်သုံးခြင်းသာဖြစ်သည်” ဟူသော အဆိုပြုတင်ပြချက်ပေါ်တွင် ဖော်ပြထားသည့်အချက်များနှင့် ဆန့်ကျင်သွေဖီနေပါသည်။

ထို့အပြင် စာမျက်နှာ (၄)တွင် “လွှတ်တော်ဖွဲ့စည်းဆောင်ရွက်ရတွင်မူ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခံ ရပြီး ဖြစ်လျှင်၊ သတ်မှတ်တာဝန်ပေးခံရပြီးလျှင်ဖြစ်စေ အဓိကအခြေပြုမှုမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွင် မတည်ရှိတော့ပါ” ဟု ဖော်ပြထားပါသည်။

ယင်းသို့ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါဝင်အရွေးခံခံရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုရန်၊ အခြေပြုရန် မလိုအပ်ဟု ပြောဆိုလိုခြင်းပင် ဖြစ်ပါသည်။ ထိုသို့ မည်သည့်နိုင်ငံ တွင် ပြဌာန်းသတ်မှတ်ထားတာရှိလျှင် လေ့လာသိရှိနိုင်ရန်အလို့ငှာ ဖော်ပြပေးသင့်ပါသည်။

သို့သော်လည်း ဆက်လက်ရေးသားရာတွင် “ထိုလွှတ်တော်များတွင် မိခင်နိုင်ငံရေးပါတီများက မိမိတို့၏ လွှတ်တော်ကိုယ်စားလှယ်များအပေါ် လွှမ်းမိုးမှုများ အတိုင်းအတာနှင့်အညီ ဆက်လက်တည်ရှိနေမြဲဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့တဦးချင်း အကြံပြုလိုသည့် ဥပေဒကြမ်းများ၊ အဆိုပြုချက်များအပြင် မိခင်ပါတီများက တင်သွင်းစေလိုသော ဥပဒေမူကြမ်းများ၊ အဆိုပြုချက်များကိုလည်း လွှတ်တော်တွင် တင်သွင်းကြသည်” ဟု ရှေ့နောက်မညီ ပြောဆိုထားပြန်သည်။

သက်ဆိုင်ရာပါတီက ရွေးချယ်ခံရသည့် လွှတ်တော်အမတ်သည် သက်ဆိုင်ရာ မိခင်ပါတီကိုသာ နာခံရမည်မဟုတ်ပါလော။ ယင်းမှာ နိုင်ငံရေး ကကြီး ခခွေး ကိစ္စပင် ဖြစ်သည်။

ယင်းသို့ တစ်ခုနှင့်တစ်ခု၊ အချက်အလက်တစ်ခုနှင့်တစ်ခု ရှေ့နောက်မညီ ဆန့်ကျင်သွေဖီနေသည့် ကိစ္စများကို ဤတွင်တခန်းရပ်၍ တရားဝင် အသိမှတ်ပြုမှု (Legitimacy) ဆိုသည့် ကိစ္စများကို လေ့လာကြည့်ကြပါစို့။

အာဏာသည် လူထုထံက ဆင်းသက်လာသည်၊ တရားဝင်အသိမှတ်ပြုမှုကို ပြည်သူလူထုထံမှ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများမှတဆင့် ရယူကြရမည်။ ဤသည်မှာ လူတိုင်းနားလည်သော အချက်ဖြစ်သည်။

“လူထုအုပ်ချုပ်ရေး ချမှတ်ကျင့်သုံးသည့် အခြေခံဖြင့် တရားဝင်မှုကို ရှာဖွေနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးလွှတ်တော် ဖွဲ့စည်း၍ အမျိုးသားညီညွတ်ရေးအစိုးရတရပ် ပေါ်ပေါက်လာအောင်” မည်ကဲ့သို့ ဖော်ဆောင်ကြမည်နည်း။

“လူထုအုပ်ချုပ်ရေးချမှတ်ကျင့်သုံးသည့် အခြေခံဖြင့်” ဆိုသော စကားလုံးသည် ဝေဝါးနေသော စကားလုံးပင်ဖြစ်သည်။ မည်သည့် နေရာဒေသတွင် လူထုအုပ်ချုပ်ရေး ချမှတ်ကျင့်သုံးမည်နည်း။ ယင်းသို့ချမှတ်ပြီးနောက် “တရားဝင်မှု”ကို မည်သို့ရှာဖွေမည်နည်း။ ရှုပ်ထွေးဝေဝါးလွန်းလှပါသည်။

အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ဆိုလျှင် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်လောက်သည့် ရေမြေအနေအထား ပြည့်စုံဖို့လိုအပ်ပါသည်။ သို့မဟုတ်လျှင် လူရယ်စရာဖြစ်လိမ့်မည်။ ၁၉၈၈ မှ ယနေ့အထိ နှစ်ပေါင်း (၂၀)ကာလအတွင်း တော်လှန်ရေးဒေသများ သေးကြုံ့သွားသည့် ဖြစ်ရပ်မှန်ကို ရဲရဲ ကြည့်ဖို့လိုအပ်ပါသည်။ ကွင်းစကွင်းပိတ်ထဲက (လွတ်မြောက်နယ်မြေ)ဆိုတာ အဆိုပါ ကွင်းစကွင်းပိတ်(-----)ထဲမှာလောက်သာ ကျယ်ဝန်းသည်ကို မိတ်ဆွေလည်း သိသည်။ ကျနော်လည်းသိသည်။

ဒါကြောင့် တစုံတရာသော နယ်မြေအကျယ်အဝန်း၊ တစုံတရာသော လူဦးရေပမာဏ၊ တစုံတရာသော လူမှုစီးပွားရေး အဆောက်အဦ စသော ရေမြေအနေအထားများ မရှိဘဲ မည်သို့သော လူထုအုပ်ချုပ်ရေး ချမှတ်ကျင့်သုံးမှာလဲ။ တရားဝင် အသိမှတ်ပြုမှု (Legitimacy) ကို မည်ကဲ့သို့ ရှာဖွေမှာလဲ။ ဒီလိုပြောတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်တော့မည်။

တိုင်းရင်းသား လက်နက်ကိုင်အင်အားစုမျာရဲ့ လွတ်မြောက်နယ်မြေဆိုတာတွေကို မျှော်မှန်းပြီး ပြောနေတာလား။ ထိုဒေသများသည် ယခင်ကလို တစုံတရာ တည်ငြိမ်မှုမရှိတော့ဘဲ ရန်သူနဲ့ မိမိထဲမှာ ခွဲထွက်သူများက အချိန်မရွေး စစ်ရေးအရ ခြိမ်းခြောက်တာကို ခံနေရသည့် အနေအထားဖြစ်ပါသည်။ ယင်းကို ခုခံကာကွယ်နေရသည့် အခြေအနေဖြစ်ပါသည်။

မျက်စိမှိတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ကြပြီဆိုပြီး စဉ်းစားကြည့်ကြပါစို့။

အဲဒီအစိုးရရဲ့ အဓိကအခြေပြုရာနယ်မြေတွေ နိုင်ငံတကာကို ထုတ်ပြန်ကြေငြာလိုက်ပြီ ဆိုပါစို့။ အဲဒီနယ်မြေဒေသတွေကို ရန်သူက ထိုးစစ်ကြီးတွေ၊ စစ်ဆင်ရေးကြီးတွေ ဆင်လာပြီဆိုပါစို့။ ဘယ်လို ခုခံကာကွယ်စစ် ဆင်နွှဲမလဲ။

ဘယ်မှာလဲ စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာ။ ဒီကိစ္စတွေဟာ စိတ်ကူးယဉ်စရာကိစ္စမဟုတ်ဘူး။ အသက်၊ သွေး၊ ချွေးတွေနဲ့ ရင်းရမဲ့ ကိစ္စတွေပါ။ တိုက်ခိုက်ကြလို့ သေဆုံးဒဏ်ရာရသူတွေ၊ မှီခိုသူမိသားစုတွေ၊ သူတို့ကို ဘယ်လို ဆေးဝါးကုသပေးမလဲ။ ဘယ်လို ထောက်ပံ့ကူညီကြမလဲ။ တိုက်ပွဲကြီးတွေဖြစ်လာလို့ မှီတင်းနေထိုင်ရာဒေသတွေကို စွန့်ခွါထွက်ပြေးလာရမည့် လူထုတွေအတွက် ဘယ်မှာလဲ နေစရာ၊ စားစရာ။

ဒီအဆိုပြုတင်ပြချက်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်လို့ တလုံးတပါဒမျှ ရေးသားဖော်ပြထားတာ မတွေ့ရပါဘူး။ တမျိုးသားလုံးရဲ့ကိစ္စကို ထည့်သွင်းစဉ်းစားမည်ဆိုရင် ဒီလိုဖြစ်လာနိုင်ခြေရှိတဲ့ အဆိုးအကောင်းကိစ္စတွေကိုပါ ထည့်သွင်းစဉ်းစားတင်ပြရန် လိုအပ်ပါသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသဖို့ လိုအပ်သည်။

အမျိုးသားညီညွတ်ရေးလွှတ်တော်၊ အမျိုးသားညီညွတ်ရေးအစိုးရကို သစ္စာရှိရှိ ခုခံကာကွယ်ဖို့ “အမျိုးသားကာကွယ်ရေး တပ်မတော်ကြီး” တရပ်လည်း မလိုအပ်ဘူးလား၊ အခြေခံအားဖြင့် လွှတ်တော်၊ အစိုးရ၊ တပ်မတော်ဆိုတာ နိုင်ငံတစ်ခုရဲ့ အခြေခံအင်္ဂါရပ်တစ်ခုပဲမဟုတ်ပါလား။

နောက်ဆုံးတခုကတော့ လွှတ်တော်နဲ့ အစိုးရအတွက် ဘဏ္ဍာငွေဘယ်ကရမလဲဆိုတဲ့ ကိစ္စပါပဲ။ အခွန်တော်ငွေတွေ ဘယ်လိုစည်းကြပ်ကောက်ခံကြမလဲ။ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ လူမှုဖူလုံရေးကိစ္စတွေမှာ ဘယ်လို ကျခံသုံးစွဲကြမည်လဲ။

အခြေခံလူထုကလဲမရှိ၊ မြေကလည်းမရှိ၊ ငွေကလည်းမရှိ တပ်မတော်လည်းမရှိရင်တော့……

လက်ရှိတပ်ပေါင်းစုက အလုပ်မဖြစ်ဘူး၊ ရန်သူကို စုစည်းညီညွတ်စွာ မထိုးနှက်နိုင်ဘူးလို့ သုံးသပ်မိတယ်ဆိုရင် တပ်ပေါင်းစုကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲဆိုတာကိုပဲ လက်တွေ့ကျကျ စဉ်းစားအဆိုပြုစေချင်ပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေက တောင်းဆိုနေသည်ကို လက်တွေ့ကျကျ တုန့်ပြန်နိုင်မည့် တပ်ပေါင်းစုတစ်ရပ်ဖြစ်ရန် လိုအပ်ပါသည်။

ခိုင်မာကျယ်ပြန့်သည့် တပ်ပေါင်းစုတစ်ရပ် ဖွဲ့စည်းရေးကို ရည်ရွယ်ရိုးမှန်ရင် လက်တွေ့ကျကျစဉ်းစားဖို့ လိုအပ်ပါသည်။

ယင်းသို့မဟုတ်ရင် “ဖွတ်မရ ဓါးမဆုံး” မည့်ကိန်း ဆိုက်ပါလိမ့်မည်။

*************

တူမောင်ညို
(၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်)

No comments:

Post a Comment