ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 11, 2010

ဝေါမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်ချက် ကြီးမားနေဆဲ

ရိုးမ ၃

ပဲခူးတိုင်းအတွင်း ရေပြတ်လပ်မှုကြောင့် နောက်ဆက်တွဲ ရောဂါများဖြစ်ပွားနေလျှက်ရှိပြီး သောက်သုံးရေ လိုအပ်ချက်ကြီးမားနေဆဲဖြစ်ကြောင်း အကူညီပေးနေသူ တဦးကပြောသည်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျောရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါများ စတင်ဖြစ်ပွားနေလျှက်ရှိပြီး ရေပေးဝေရာတွင်လည်း လုံလောက်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

“အခုလောလောဆယ် ဝေါမြို့နယ်ထဲက ကျေးရွာတွေနဲ့၊ မြို့ပေါ်က ဆင်ခြေဖုံးရပ်ကွက်တွေမှာ ရောဂါတွေဖြစ်နေတာ၊ ရေတွင်း၊ ရေကန်တွေက ခမ်းခြောက်လာတော့ တချို့ လက်ယက်တွင်းတွေလုပ်ပြီး သုံးတာ၊ ရေက မသန့်ဘူး၊ နှောက်နေတဲ့ ရေကိုဘဲ သုံးနေရတာ” ဟု ပြောသည်။

ရေပေးဝေရေးလုပ်ငန်းကို ဒေသတွင်းအလှူရှင်များက တက်နိုင်သ၍ လှူဒါန်းဖြန့်ဝေပေးနေသော်လည်း တကယ်တမ်း ရေလိုအပ်ချက်မှာ ပိုမိုကြီးမားနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပဲခူးမြို့ပေါ်၊ ဘုရားကြီး မြို့သစ်ပိုင်းတွေရော အခုအလှူရှင်တွေ တော်တော်များလာပေမဲ့ ရှေ့ကနေ ရေလှူသွားလိုက် အနောက်က လိုနေလိုက်ဘဲဖြစ်နေတာ” ဟု ပြောသည်။

ဧပြီလကတည်းက ရေပြတ်လပ်မှုကို စတင်ကြုံတွေ့ခဲ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များက ဦးဆောင်၍ ရေပေးဝေရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်ပေးနေလျှက်ရှိသည်။

“ဒီမနက်တော့ ကျနော်တို့ ရေကားအစီး (၆၀) လောက်နဲ့ လိုက်ပြီးရေဝေပေးတာဘဲ၊ ဒါပေမဲ့လုံလောက်မှုတော့ မရှိသေးဘူး” ဟု ပြောသည်။