ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 14, 2010

လွတ်မြောက်လာသည့် ကလေးစစ်သားများ ပညာသင်ကြားရေး အိုင်အယ်လ်အို စီစဉ်

ဘုန်းခိုင်

စစ်အစိုးရ စစ်တပ်ကနေ ပြန်လည်လွတ်မြောက်လာသည့် ကလေးစစ်သားများအတွက် အတန်းပညာနဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်များ ဆက်လက်သင်ကြားနိုင်ရေးအတွက် စီစဉ်နေကြောင်း ဒီကနေ့ မေလ (၁၄) ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ (အိုင်အယ်လ်အို) အရာရှိက ပြောကြားသည်။

စစ်တပ်ကပြန်လွတ်လာသည့် ကလေးများ ပညာသင်ကြားရေးအစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)နှင့် ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေအဖွဲ့ (ယူနီဆက်) တို့ ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (အိုင်အယ်လ်အို)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းဆက်ဆံရေးအရာရှိ စတီဖင်မာရှယ် (Stephen Marshell)က ပဲခူးမြို့ လမ်းပြကြည်အဖွဲ့က ဦးအေးမြင့်နှင့် ဒီကနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပညာသင်ကြားရေးအတွက် စတီဖင်မာရှယ်ပြောကြားခဲ့တာနှင့် ပတ်သက်ပြီးတော့ ဦးအေးမြင့်က “အသက်မွေးဝမ်းကြောင်း ပညာတတ်မြောက်တဲ့အထိ သင်ကြားတဲ့စရိတ်တွေ ကူညီဆောင်ရွက်ပေးဖို့ သူတို့အစီအစဉ်တွေ ရှိတယ်၊ ဒါကြောင့်မို့ ကလေးတွေရဲ့ နေရပ်လိပ်စာအတိအကျကို ပြန်လည်ပြီးတော့ စာရင်းပြုစုပြီးတော့ ပို့ပေးဖို့ မှာကြားတယ်” ဟု ရှင်းပြသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)၏ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းဆက်ဆံရေးအရာရှိ စတီဖင်မာရှယ် (Stephen Marshell)နှင့် အဖွဲ့သည် ဒီကနေ့ မေလ (၁၄) ရက်နေ့ မနက်ပိုင်းက ပဲခူးမြို့ပေါ် ရွှေဝါထွန်းဟိုတယ်တွင် ပဲခူးတိုင်းမှူးအပါအ၀င် ဒေသအာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စတီဖင်မာရှယ်နှင့်အဖွဲ့က စစ်အစိုးရနှင့် (အိုင်အယ်လ်အို) သဘောတူချုပ်ဆိုထားတဲ့ ကလေးစစ်သား၊ အဓမ္မလုပ်အားပေးခိုင်းစေတာတွေနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် အပါအဝင် ဥပဒေဆိုင်ရာ ရှင်းလင်းချက်တွေကို ဟောပြောဆွေးနွေးခဲ့သည်။

“ပဲခူးမြို့ပေါ်မှာရှိတဲ့ ခဝတ၊ မဝတ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိ၊ တရားသူကြီးပေါ့ စတဲ့အရာရှိကြီးတွေကို ဟောပြောပြီး အိုင်အယ်လ်အိုကို အကူအညီပေးတဲ့သူတွေကို အနှောင့်အယှက်မပေးဖို့ အနှောင့်အယှက်ပေးရင် ဥပဒေအရ ပြန်လည်အရေးယူဖို့ အကြောင်းကိုလည်း ပြောခဲ့တယ်လို့ ကျနော်တို့ကို ရှင်းပြတယ်” ဟု ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်က ဆက်ပြောသည်။

(အိုင်အယ်လ်အို) မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းဆက်ဆံရေးအရာရှိ စတီဖင်မာရှယ်နဲ့ အဖွဲ့ဟာ ပဲခူးတိုင်းအတွင်းက စစ်အစိုးရအာဏာပိုင်များနှင့် တွေ့ဆုံအပြီး ပဲခူးမြို့လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်ကို နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်း လူမှုအထောက်အကူပြု လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့က လူငယ်(၃) ဦးနဲ့လည်း တွေ့ဆုံခဲ့သည်။