ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 14, 2010

မြန်မာ့အရေးကို ဥရောပလူထု ပိုမိုသိအောင် လုပ်ဆောင်မည်ဟုဆို

ဖြိုးကြီး

ပြင်သစ် မော်ဒယ်လ်နှင့် သရုပ်ဆောင်မင်းသမီး Jane Birkin က ၎င်းကြုံတွေ့ခဲ့ရသော ဆိုးရွားလှသည့် မြန်မာပြည်သူလူထု၏ အခြေအနေအဖြစ်မှန်များကို နိုင်ငံတကာမိသားစု အသိုင်းအဝိုင်းနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်တွေ ပိုမိုသိရှိသွားအောင် တိုက်တွန်းပြောကြားသွားမည်ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်သို့ လေးရက်ကြာ လာရောက်ခဲ့သည့် သူမ၏ ခရီးစဉ်အပြီး ဒေသတွင်းသတင်းထောက်များအား တွေ့ဆုံ၍ ယနေ့ နေလည် (၁) နာရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျမရဲ့ ခရီးစဉ်အတွင်းမှာ ကလေးတွေ အများကြီးတွေ့ခဲ့ရတယ်၊ ကလေးတွေက အမှိုက်ပုံတွေကြားထဲမှာ နေရတာတွေ၊ စားသောက်ဖို့ အခက်အခဲဖြစ်နေတာတွေ၊ ဒုက္ခသည်စခန်းထဲက လူတွေ၊ စစ်ဘေးကြောင့် ကိုယ်ခန္ဓာအစိတ်အပိုင်း ပျက်စီး ယိုယွင်းခဲ့သူတွေ၊ မြန်မာပြည်အာဏာရှင်စနစ်ရဲ့ဆိုးကျိုးတွေကို မျက်မြင်ကြုံလာရတဲ့အတွက် နာဇီ ဂျာမဏီ လက်ထက်က အဖြစ်အပျက်တွေကို ပြန်သတိရလာတယ် အလားသဏ္ဍာန်တူတာကို ခံစားရပါတယ်။ မြန်မာပြည်သူတွေရဲ့အဖြစ်အပျက်ကို ပြင်သစ်ပြည်သူတွေ မေ့ပျောက်မသွားအောင် လုပ်ဆောင်သွားမယ်” ဟု ပြောသည်။

သူမအနေဖြင့် ယခုခရီးစဉ်အတွင်း တွေ့မြင်ခဲ့သမျှ မြန်မာ့နိုင်ငံရေးအခြေအနေများကို ဖြေရှင်းရန်အတွက် ပိုမိုစိတ်ဝင်စားလာကြောင်းနှင့် ပြင်သစ်နိုင်ငံသို့ပြန်ရောက်လျှင်လည်း ရုပ်သံလိုင်းများမှ တဆင့် မြန်မာပြည်တွင် ဖြစ်ပျက်နေသမျှ အမှန်တရားတွေကို ဖော်ပြသွားနိုင်ဖို့ ကြိုးစားသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

“ဥရောပနိုင်ငံများအနေနဲ့ မညီညွတ်ဘူးဆိုရင်၊ စကားလုံးတွေနဲ့ဘဲ ပြောနေမယ်ဆိုရင် ဒီလိုအာဏာရှင်စနစ်အောက်မှာ ဒုက္ခပေါင်းစုံကြုံနေရတာတွေ ပြေလည်သွားအောင် ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး၊ ဥရောပမှာ မြန်မာပြည်ကိစ္စကို အားလုံးတက်ညီလက်ညီ ကူညီသွားဖို့ကို တက်နိုင်သလောက် ကြိုးစားတိုက်တွန်း လုပ်ဆောင်သွားမှာပါ” ဟု သူမက ကတိပေးပြောခဲ့သည်။

ပြင်သစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု သွားရောက်လုပ်ကိုင်နေသည့် တိုတယ်(လ်)ရေနံကုမ္ပဏီအား ထိထိရောက်ရောက် ဟန့်တားနိုင်ခြင်းမရှိသည့်အတွက် နိုင်ငံတကာပြစ်တင်မှုကို ခံနေရသကဲ့သို့ စစ်အစိုးရအနေဖြင့်လည်း အဆိုပါလုပ်ငန်းမှ အမြတ်အစွန်းများစွာ ရနေကြောင်း သူမက ထောက်ပြပြောဆိုသွားသည်။

“အဲဒီရေနံကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြတာတွေ လုပ်လည်းလုပ်နေကြပါပြီ။ အားလုံးက စုစုစည်းစည်း သပိတ်မှောက်နိုင်ရင် ဟန့်တားနိုင်မှာပါ။ အဲဒါတွေကို ချုပ်ထိန်းနိုင်ရင် ကုမ္ပဏီကို ဖိအားပေး အကျပ်ကိုင်လာနိုင်မယ်၊ ၂၀၀၀ ခုနှစ်မှာဆိုရင် တိုတယ်(လ်)ကုမ္ပဏီက ဒေါ်လာ ၅ ဘီလျံကို ထည့်ထားနိုင်တယ်၊ ဖြစ်သင့်တာက အဲဒီကရတဲ့ အကျိုးအမြတ်ကို ဒီဘက်မှာရှိနေတဲ့ ကလေးငယ်တွေ၊ ဒုက္ခသည်တွေ၊ ထွက်ပြေးရတဲ့ ပြည်သူတွေ၊ စစ်ကြောင့် ဘဝပျက်ခဲ့သူတွေကို ပြန်လည်ကူညီမြှင့်တင်ဖို့ ဒီငွေတွေနဲ့ လုပ်လို့ရနိုင်တယ်” ဟု သူမ၏ အမြင်သဘောထားကို ထုတ်ဖော်ပြောဆိုသွားခဲ့သည်။