ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 15, 2010

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ အပိုင်း (၁၄)

စောကျော်ကျော်မင်း 

အမှုတစ်ခုနှင့်စပ်လျဉ်း၍ အာမခံပေးသည်ဆိုရာတွင် တရားရုံးများအနေဖြင့် “အာမခံပေးခြင်းကို မူသဘောသဖွယ် လက်ခံကျင့်သုံးရမည်ဖြစ်ပြီး၊ အာမခံမပေးခြင်းကိုမူ ချွင်းချက်အနေဖြင့်သာ ကျင့်သုံးရမည်” ဖြစ် သည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားတွင် အာမခံပေးရမည်ဟူ၍ အတိအလင်း ပြဌာန်းထားသည့် ပြစ်မှုဥပဒေပုဒ်မဖြင့် စွပ်စွဲခြင်းခံထားရသူများကို တရားရုံးတော်အနေဖြင့် မဖြစ်မနေ အာမခံပေးရမည်ဖြစ်သည်။

စွပ်စွဲခံရသူ တစုံတဦးအား အာမခံမပေးဟုဆိုရာတွင် ထိုသူသည် -
- ထွက်ပြေးတိမ်းရှောင်မည့်သူ ဖြစ်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်း၊
- သက်သေအချက်အလက်များကို ဖျက်ဆီးနိုင်ကြောင်း ယုံကြည်ရန် အကြောင်းရှိခြင်း၊
- သက်သေထွက်ဆိုမည့် သူများ၏ လုံခြုံရေးကို တစုံတရာ အန္တရာယ်ပေးနိုင်မည့်သူဖြစ်ခြင်း
စသည့်အကြောင်းအချက်များနှင့် ညီညွတ်ပါက တရားရုံးတော်မှ အာမခံမပေးဘဲ အမှုကို ဆက်လက် စစ်ဆေးပိုင်ခွင့် ရှိသည်။


သို့သော် အမှုတစ်ခုနှင့်စပ်လျဉ်း၍ အာမခံပေးသည်ဆိုရာတွင် တရားရုံးများအနေဖြင့် “အာမခံပေးခြင်းကို မူသဘောသဖွယ် လက်ခံကျင့်သုံးရမည်ဖြစ်ပြီး၊ အာမခံမပေးခြင်းကိုမူ ချွင်းချက်အနေဖြင့်သာ ကျင့်သုံးရမည်” ဖြစ်သည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားတွင် အာမခံမပေးနိုင်ကြောင်း အတိအလင်း ပြဌာန်းထားသည့်တိုင်အောင် တရားရုံးအနေဖြင့် ၎င်း၏ ဆင်ခြင်တုံတရားအရ အာမခံပေးနိုင်ကြောင်းကို အောက်ပါပုဒ်မဖြင့် ပြဌာန်းထားပေသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ - ၄၉၇ (၁) တွင် အာမခံမပေးနိုင်သည့် ပြစ်မှုတစုံတရာဖြင့် စွပ်စွဲခံရသူ တစ်ဦးသည် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူးက ၀ရမ်းမပါဘဲ ဖမ်းဆီးခြင်းဖြစ်စေ၊ ချုပ်နှောင်ခြင်းဖြစ်စေ ခံရသည့်အခါ (သို့မဟုတ်) တရားရုံးရှေ့သို့ ထိုသူရောက်ရှိသောအခါ (သို့မဟုတ်) တရားရုံးရှေ့သို့ ခေါ်ဆောင်ခြင်းခံရသည့်အခါ ထိုသူကို အာမခံဖြင့် လွှတ်ထားနိုင်သည်။

ထို့ပြင် သေဒဏ်ဖြစ်စေ၊ တသက်တကျွန်းဒဏ်ဖြစ်စေ စီရင်ထိုက်သော ပြစ်မှုတရပ်ကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရန် အကြောင်းများ ရှိနေလျှင်ပင်၊ အမျိုးသမီးဖြစ်နေလျှင်သော်လည်းကောင်း၊ ဖျားနာနေလျှင်သော်လည်းကောင်း၊ ချည့်နဲ့နေလျှင်သော်လည်းကောင်း၊ အသက် ၁၆ နှစ်အောက် ကလေး ဖြစ်နေလျှင်သော်လည်းကောင်း အာမခံဖြင့် လွှတ်ထားရန် တရားရုံးက ညွှန်ကြားနိုင်ပေသည်။

ထို့ကြောင့် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား စွဲချက်တင်လိုက်သည့် ပြစ်မှုဥပဒေပုဒ်မ - ၅၀၁ သည် အာမခံပေးရမည့် ပုဒ်မဖြစ်နေသဖြင့် မဖြစ်မနေ အာမခံပေးကို ပေးရမည်ဖြစ်ပေသည်။

အခြားပြစ်မှုဖြင့် တရားစွဲခံရသူများကို အာမခံလျှောက်ထားရာတွင် စွပ်စွဲခံရသူများဘက်မှ လိုက်ပါ၍ အာခံပေးမည့်သူ ရှာဖွေရခြင်းမှာ မခက်ပေ။ တရားရုံးထဲတွင်ပင် အခကြေးငွေဖြင့် အငှားလိုက်၍ အာမခံပေးမည့်သူများ ရှိပေသည်။ သို့သော် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ အမှုအတွက် အာမခံလိုက်ပေးမည့်သူ ရှာရသည်မှာ ၎င်းတို့၏ မိသားစုများအတွက် များစွာ အခက်ကြုံရပေသည်။

တရားရုံးသို့ အာမခံလိုက်ပေးမည့်သူများ ရှိသည့်တိုင်အောင် ရပ်ကွက် ရ.ယ.က (ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ရုံးတွင် ထောက်ခံစာ ပြုလုပ်သည့်အခါ ထောက်ခံစာပြုလုပ်မပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် အမျိုးမျိုးသော အခက်အခဲများဖြင့် ကြုံတွေ့ရပေသည်။

ထိုသို့သော အခက်အခဲများကြားမှပင် ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အတွက် အချုပ်လွှတ်ထုချေခွင့် (အာမခံ)ပေးပါရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ - ၄၉၆ အရ လျှောက်ထားလိုက်ရပေသည်။ နိုင်ငံရေးနှင့် သက်ဆိုင်ခြင်းမရှိသော အခြားအမှုများတွင် တရားရုံးများအနေဖြင့် ချက်ခြင်းပင် အာမခံပေးလိုက်မည်ဖြစ်သည်။ သို့သော် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အမှုတွင်မူ တရားသူကြီးကိုယ်တိုင်မှ -

“ပြစ်မှုဥပဒေပုဒ်မ - ၅၀၁ သည် အာမခံပေးခွင့်ရှိသည့် အမှုဖြစ်သည်မှာ မှန်ကန်ပါသည်။ သို့ရာတွင် အာမခံပေးသင့်/မပေးသင့်နှင့်စပ်လျဉ်း၍ စဉ်းစားပါအုံးမည်၊ နောက်ရုံးချိန်းတွင်မှ အမိန့်ချပါမည်” ဟူ၍ ပြောဆို လျက် အမှုကို စစ်ဆေးခြင်းမရှိတော့ဘဲ ထပ်မံ၍ ရုံးချိန်းပေးလိုက်ပြန်သည်။ ထို့ကြောင့် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့သည် ထောင်အချုပ်တွင် နောက်တစ်ပတ်ရုံးချိန်းအထိ အာမခံ လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ စောင့်ဆိုင်းခဲ့ရပြန်သည်။

နောက်တပတ်ရုံးချိန်းသို့ ရောက်သည့်အခါတွင်လည်း တရားသူကြီး မအားလပ်ပါသဖြင့်ဟုဆိုကာ ရုံးထပ်မံချိန်းဆိုလိုက်ပြန်သည်။ ထိုအချိန်တွင် အကျဉ်းထောင်အတွင်း အထူးတရားရုံးများတွင် ရုံးတင်စစ်ဆေးခြင်း ခံနေကြရသော ကိုမင်းကိုနိုင်အပါအ၀င် (၈၈) မျိုးဆက်ကျောင်းသားများ၊ ကိုထင်ကျော်၊ အရှင်ဂမ္ဘီရ စသည့် ခေါင်းဆောင်များအနေဖြင့် တရားရုံးများ၏ တရားမျှတခြင်းမရှိဘဲ စစ်ဆေးစီရင်နေခြင်းများအပေါ် နည်းလမ်းအသွယ်သွယ်ဖြင့် ဖေါ်ထုတ်နေသော အချိန်ဖြစ်သည်။

ယခု ကိုတင်ဝင်း၊ ကိုညီညီမင်းတို့ အမှုတွင်လည်း တရားရုံးမှ မဖြစ်မနေ အာမခံပေးရမည့် ပုဒ်မနှင့် ပြောင်းလဲစွဲချက်တင်ပြီးသည့်နောက်ပိုင်း၊ အာမခံလျှောက်ထားသည့် အချိန်တွင် မဖြစ်မနေ အာမခံပေးရမည်ဖြစ် သော်လည်း ယခုကဲ့သို့ ရုံးချိန်း (၂) ချိန်းတိတိ ချိန်းဆိုလိုက်ခြင်းသည်။ ဖမ်းဆီးချုပ်နှောင်ခံရသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် စိတ်ပင်ပန်းမှုကို ကြီးမားစွာ ဖြစ်ပေါ်စေပါသည်။ တရားရုံးအနေဖြင့် အချိန်မဆိုင်းဘဲ “ အာမခံပေးသည် ဟူ၍လည်းကောင်း (သို့မဟုတ်) အာမခံမပေး ဟူ၍လည်းကောင်း” တိကျသည့် အမိန့်တစုံတရာကို ချမှတ်ပေးလိုက်မည်ဆိုပါက ကိုတင်ဝင်း၊ ကိုညီညီမင်းနှင့် ၎င်းတို့၏ မိသားစုများအတွက် ထိုမျှလောက် စိတ်ဒုက္ခ ရောက်ကြရမည်မဟုတ်ပါ။ “အာမခံမပေး” ဟု အမိန့်ချမှတ်လိုက်ပါကလည်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်လုပ်ဆောင်ရန်သာ ဖြစ်ပါသည်။ သို့သော် အချိန်ဆွဲထားခြင်းက ခံစားရသူများအပေါ် များစွာ မချိတင်ကဲစိတ်ကို ဖြစ်ပေါ်စေသည်။

ထို့ကြောင့် ကိုတင်ဝင်းသည် ကျွန်တော့်ကို တရားရုံးအချုပ်ခန်းတွင် ခေါ်ယူတွေ့ဆုံကာ ထိုကဲ့သို့ တရားရုံးမှ အချိန်ဆွဲထားခြင်းကို မကျေနပ်ကြောင်း၊ ထို့ကြောင့် ဥပဒေ လုပ်ထုံးလုပ်နည်း တစုံတရာဖြင့် တရားရုံးတော်ကို တင်ပြပေးပါရန် တောင်းဆိုလာပါသည်။ သို့မဟုတ်ပါက “သူ့အနေဖြင့် တရားမျှတမှု မရှိသည့် တရားခွင်ကို တစုံတရာ တင်ပြတောင်းဆိုရမည်ဖြစ်ကြောင်း” ပြောဆိုလာပါသည်။

ကျွန်တော်မှ “ ယနေ့တွင် ရုံးချိန်း ချိန်းဆိုလိုက်ပြီဖြစ်သည့်အတွက် တရားရုံးသို့ တင်ပြရန် မဖြစ်နိုင်တော့ကြောင်း၊ ထို့ကြောင့် နောက်တပတ် ရုံးချိန်းတွင်မူ ကျွန်တော့်အနေဖြင့် ယခုကဲ့သို့ ရုံးချိန်းပေး၍ ထပ်မံချိန်းဆိုမည့် လက္ခဏာမျိုး တွေ့ရှိရမည်ဆိုပါက တရားဥပဒေနှင့်အညီ “အာမခံ” လျှောက်ထားခြင်းအပေါ် အမိန့်တစုံတရာ ချမှတ်ပေးပါရန် ထပ်မံ၍ တင်ပြလျှောက်ထားပေးမည်” ဟူ၍သာ နှစ်သိမ့်ပြောဆိုခဲ့ရပါသည်။

ကိုတင်ဝင်း၏ အချိန်စောင့်ဆိုင်းရသည့်အတွက် စိတ်မရှည်နိုင်ပုံ၊ စိတ်ဒုက္ခရောက်ရပုံကို ကျွန်တော်ကိုယ်တိုင် များစွာ ခံစားနားလည်မိပါသောကြောင့် အကယ်၍ ၎င်း၏ စိတ်ဆန္ဒသဘောထားအတိုင်း “တရားရုံးတော်သို့ တစုံတရာ တင်ပြတောင်းဆိုမည်” ဆိုပါကလည်း ကျွန်တော့်အနေဖြင့် တားမြစ်မိမည်မဟုတ်ပါ။

ကိုတင်ဝင်း၊ ကိုညီညီမင်းတို့၏ အမှုကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လိုက်ပါဆောင်ရွက်ပေးနေရ သည့် အချိန်နှင့် တပြိုင်နက်တည်း လှိုင်သာယာမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ အလုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒလမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် ၊ကျောက်တံတားမြို့နယ် မြောက်ပိုင်းခရိုင်တရားရုံး စသည့် မြို့နယ်တရားရုံးများတွင် အခြား၊ အခြားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တို့၏ အမှုများ၊ ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားသူတို့၏ အမှုများကို လိုက်ပါဆောင်ရွက်နေရသည် ဖြစ်ခြင်းကြောင့် ထိုအချိန်က တရားရုံးတို့၏ တရားနည်းလမ်းမကျ၊ တဖက်သတ် စစ်ဆေးစီရင်နေခြင်းများကို ရင်ဆိုင်နေကြရသော အမှုသည်တို့၏ အပူဒုက္ခများကို သိရှိနားလည်နေခဲ့ပြီး ဖြစ်သည်။ အကယ်၍ အမှုသည်တို့မှ ၎င်းတို့၏ ဥပဒေအရ ရသင့်ရထိုက်သည့် နစ်နာချက်များနှင့် စပ်လျဉ်း၍ တရားရုံးတွင် တစုံတရာ တိုက်ပွဲဝင် တောင်းဆိုကြမည်ဆိုပါကလည်း “တင်ပြတောင်းဆိုပုံနည်းလမ်း မှန်ကန်သည်ဖြစ်စေ၊ မှားယွင်းသည်ဖြစ်စေ” အချိန်အခါမရွေး၊ နေရာဒေသမရွေး အာဏာရှင်ကို အံတုစိန်ခေါ်ရဲကြသည့် တိုက်ပွဲဝင်သူတို့၏ စိတ်ဓာတ်နှင့် သတ္တိကို လေးစားလျက် ချီးကျူးဂုဏ်ပြုရမည်သာ ဖြစ်ပါသည်။

x x x x x
ဆက်လက်ရေးသားပါအုံးမည်။
စာဖတ်သူများကို အစဉ်လေးစားလျက် -
စောကျော်ကျော်မင်း
(၁၅.၅.၂၀၁၀)