ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 16, 2010

X2O မဏ္ဍပ် ဗုံးဖောက်ခွဲမှုနှင့် ဖမ်းခံထားရသူအတွက် ရှေ့နေပါဝါ ထုတ်မပေး

ကောင်းမြတ်ကျော်

ပြီးခဲ့သည့် သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့ရှိ X2O မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်အစိုးရအာဏာပိုင်များ ဖမ်းဆီးပြီး အင်းစိန်ထောင်တွင် အကျဉ်းချခံထားရသည့် ကိုဖြိုးဝေအောင်၏ အမှုအတွက် ရှေ့နေပါဝါထုတ်မပေးကြောင်း ရှေ့နေဦးကျော်ဟိုးက ပြောသည်။

“(၁၁) ရက်နေ့က ကျနော့်ကို သူ့အမှု လာအပ်တယ်။ လာအပ်တော့ (၁၂) ရက်နေ့မှာ ထောင်ကို စာအိတ်နဲ့ လက်မှတ်ထုတ်ဖို့ တွဲပေးလိုက်တယ်။ တွဲပေးပြီး နောက်တနေ့ သွားယူတဲ့အခါကျတော့ ထောင်တာဝန်ရှိတဲ့သူက ပြောတယ်။ ကျနော်တို့ လက်မှတ်တွေ ထုတ်ပေးနေပြီ၊ ပေးဖို့အဆင်သင့်ပဲတဲ့၊ ဒါပေမယ့် SB ကနေပြီးတော့ တားထားလို့တဲ့။ သူတို့ ခွင့်ပြုတဲ့အခါကျရင် အကြောင်းကြားပါ့မယ်တဲ့။ အဲဒါနဲ့ မရခဲ့ဘူးပေါ့” ဟု သူက ပြောသည်။

စစ်အစိုးရအာဏာပိုင်များ ဖမ်းဆီးပြီး စစ်ကြောရေးကာလပြီး၍ ထောင်သို့ပို့သည့် အမှုမှန်သမျှကို အမှုသည်ဘက်မှ အမှုအပ်တိုင်း ရှေ့နေပါဝါထုတ်ပေးခဲ့သော်လည်း ယခုအမှုတွင် ရှေ့နေပါဝါထုတ်မပေးခြင်းနဲ့ ပတ်သက်၍လည်း ဦးကျော်ဟိုးက “ဒီကိစ္စဟာ ကျနော်တို့သိသလောက်တော့ ကျနော်တို့အမှုတွေ လိုက်နေတာနဲ့ယှဉ်ပြီးပြောရရင် စစ်ကြောရေးကာလ ပြီးသွားလို့ရှိရင် ထောင်ကို ပို့တယ်လေ။ ထောင်ကိုပို့ပြီးရင် တခြားနိုင်ငံရေးမှုတို့ ဘာတို့ဆိုရင် ကျနော်တို့က ရှေ့နေပါဝါတောင်းရင် ဘာမှပြဿနာမရှိဘူး၊ အမြဲတမ်းထုတ်ပေးတယ်။ ဒီတခါပဲ တားထားပြီး ထုတ်မပေးတာ။ ဒါဟာ ထူးခြားနေတယ်ပေါ့” ဟု သူက ဆက်လက်ရှင်းပြသည်။

ကိုဖြိုးဝေအောင်အား သင်္ကြန်အကြတ်နေ့ (ဧပြီလ ၁၅ ရက်နေ့) တွင် ရန်ကုန် ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်ရှေ့တွင် ဗုံး ၃ လုံး ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်ပြီး စစ်အစိုးရ အာဏာပိုင်များက ဖမ်းဆီးထားခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်အစိုးရအာဏာပိုင်များက မေလ (၆) ရက်နေ့ နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ အဖွဲ့ဝင် ၄ ဦး၏ လက်ချက်ဖြစ်ကြောင်း အမည်များနှင့်စွပ်စွဲပြီး အခင်းဖြစ်ပွားပြီးနောက် နှစ်ပတ်ကျော်အတွင်း အမှုကို ဖော်ထုတ်ပြခဲ့သည်ဆိုသော်လည်း လက်တွေ့တွင် အများပြည်သူယုံကြည်လောက်သည့် ရှင်းလင်းနိုင်မှုများ မရှိကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။