ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 20, 2010

လူ့အခွင့်အရေးသမားတဦး ကွယ်လွန်ခြင်းကြောင့် တိုင်းပြည်အတွက် နစ်နာ

ကောင်းမြတ်ကျော်။ ၂၀၊ ၅၊ ၂၀၁၀

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတဦး ကွယ်လွန်သွားခြင်းသည် တိုင်းပြည်အတွက် အလွန်နစ်နာကြောင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP) ခေါင်းဆောင်တဦးဖြစ်သူ ကိုမောင်မောင်လေးက ပြောကြားသည်။

ယမန်နေ့က မြင်းခြံထောင်တွင် ကွယ်လွန်သွားခဲ့သည့် (HRDP) အဖွဲ့ဝင် ကိုကျော်စိုး သေဆုံးခြင်းနှင့် ပတ်သက်၍ ကိုမောင်မောင်လေးက ယခုကဲ့သို့ ပြေကြားခြင်းဖြစ်သည်။

“ကိုကျော်စိုးဟာ ရှမ်းပြည်နယ်အတွင်းမှာ ပြည်သူတွေ ကိုယ့်အခွင့်အရေးကို နားလည်လာပြီး မတရားမှုတွေကို ပြည်သူတွေကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကြိုးပမ်းလုပ်ဆောင်နေသူတဦး ဖြစ်ပါတယ်။ ဒီလိုလုပ်နေရင်းနဲ့ အာဏာပိုင်တွေရဲ့ မတရားဖမ်းဆီးခြင်း ခံခဲ့ရတာပါ။ အခု သူ ကွယ်လွန်သွားတာဟာ မိမိတို့ မြန်မာပြည်သူလူထုအတွင်း လူ့အခွင့်အရေးအသိများ ပြန့်ပွားလာအောင် လုပ်ဆောင်နေသူတဦး လျော့ပါသွားတာဖြစ်တဲ့အတွက် တိုင်းပြည်အတွက် အလွန်ပဲ နစ်နာပါတယ်” ဟု ပြောသည်။

ကိုကျော်စိုးကို ၁၉၇၀ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် အဖ (အဆုတ်ရောဂါအထူးကုဆရာဝန်ကြီး) ဒေါက်တာ ဂျေအာရ် လူးဝစ်နှင့် အမိ ဒေါ်မော်လီတို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ၄ ဦးအနက် အထွေးဆုံးသား ဖြစ်သည်။ ပညာအရည်အချင်းမှာ သန်လျင် (G.T.I) မှ ဒီပလိုမာဘွဲ့ ရရှိထားသူဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် မမေအိဟန် (ခ) မကက်တီနှင့် လက်ထပ်ခဲ့ပြီး ယခု ကွယ်လွန်ချိန်တွင် (၁၁) နှစ်အရွယ် သမီးကလေးတဦး ကျန်ရစ်ခဲ့သည်။

ကိုကျော်စိုး၏ ရုပ်လောင်းကို မြင်းခြံကက်သလစ်ဘုရားကျောင်းတွင် ယနေ့ ညနေ (၄) နာရီတွင် သင်္ဂြိုဟ်မည်ဖြစ်၍ မြင်းခြံမြို့အာဏာပိုင်များက သေဆုံးသူ၏ဇနီးအား ဆူဆူပူပူမလုပ်ရန် လက်မှတ်ရေးထိုးခိုင်းခဲ့သော်လည်း ဇနီးဖြစ်သူ မမေအိဟန်က လက်မှတ်ရေးထိုးပေးခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

ကိုကျော်စိုးအား ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် တောင်ကြီးမြို့ အထူးသတင်းတပ်ဖွဲ့မှ နေအိမ်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ၁၇(၁)၊ ၁၃(၁)၊ ၅၀၅(ခ) စသည့် ပုဒ်မများဖြင့် စွဲချက်တင်ပြီး ထောင်ဒဏ် (၁၀)နှစ် ချမှတ်ထားစဉ် ယခုကဲ့သို့ မြင်းခြံထောင်အတွင်း ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

(HRDP) ခေါင်းဆောင် ဦးမြင့်အေးအပါအဝင် အဖွဲ့ဝင်ပေါင်း ၃၀ ကျော်သည် ဝေးလံခေါင်ဖျားသည့် အကျဉ်းထောင်များတွင် အကျဉ်းချခံနေရခြင်းနှင့် အကျဉ်းထောင်များအတွင်းတွင် သေဆုံးသူ အဖွဲ့ဝင်များလည်း ရှိသည့်အတွက်ကြောင့် တိုင်းပြည်အတွက် အလွန် နစ်နာကြောင်း ကိုမောင်မောင်လေးမှ ဆက်လက်ပြောဆိုသွားခဲ့သည်။

No comments:

Post a Comment