ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 19, 2010

ရေလှူဒါန်းသူများကို အာဏာပိုင်များ နှောင့်ယှက်

ရိုးမ ၃။ ၁၉၊ ၅၊ ၂၀၁၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်တွေနှင့် ဒေသခံလူငယ်များ စုပေါင်းပြီး တောင်ကုတ်နှင့် မအီမြို့နယ်အတွင်း ရေရှားနေသည့် ကျေးရွာများကို ယမန်နေ့က သွားရောက်ရေလှူဒါန်းရာတွင် ဒေသအာဏာပိုင်းများက နှောင့်ယှက်ခဲ့သည်။

တောင်ကုတ်မြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်များအပါအ၀င် ဒေသခံလူငယ် (၃၈)ဦးက စက်လှေ (၄)စီးနှင့် သောက်သုံးရေတင်ဆောင်ကာ မအီမြို့နယ်၊ ပေါက်အင်းကျေးရွာကို သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေစဉ် ဆားပြင်ရဲစခန်းက လာရောက်နှောင့်ယှက်ခဲ့ခြင်း ဖြစ်သည်။

ရေလှူဒါန်းသည့်အဖွဲ့ကို အာဏာပိုင်များနှောင့်ယှက်ခဲ့တာနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အဖွဲ့ချုပ်အဖွဲ့ဝင်က “ဆားပြင်ချောင်း၊ ဆားပြင်ရွာကနေ ရေအပြည့်နဲ့ စက်လှေတွေထွက်ဖို့ လုပ်နေတုန်း မနက် (၁၀) နာရီကျော်လောက်မှာ ဒုရဲအုပ် အောင်ကျော်ဇံရယ်၊ သူ့ရဲဘော် တယောက်ရယ် ရောက်လာပြီးတော့ ခင်ဗျားတို့ စက်လှေတွေ မထွက်နဲ့အုံးဆိုပြီးတော့ တားတယ်။ အဖွဲ့ကို ဦးဆောင်လာတဲ့ တောင်ကုတ် အဖွဲ့ချုပ် ဥက္ကဌ ဦးတင်သိန်းအောင်ကို ခင်ဗျားတို့ ဘယ်သွားမှာလဲ၊ ဘယ်သူတွေပါမှာလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ အဲလို နှစ်လိုမှုမရှိတဲ့ သဘောဆောင်တဲ့ မေးခွန်တွေ မေးတယ်။ (၁၁) နာရီကျော်မှ သွားခွင့်ပေးတယ်”ဟု ပြောသည်။

ရေလှူသည့်အဖွဲ့က ရေဂါလံပေါင်း (၇၀၀)ကျော်ကို မနေ့က ပေါက်အင်းကျေးရွာကို ပေးလှူခဲ့ခြင်း ဖြစ်သည်။

အဆိုပါကျေးရွာတွင် အပူချိန်မြှင့်၍ ရေရှားပါးကာ အစာရေစာ ပြတ်တောက်ခဲ့သဖြင့် ခိုင်းနွာ (၁၂)ကောင် သေဆုံးခဲ့ကြောင်းနှင့် ယခုလက်ရှိ ပေါက်အင်းကျေးရွာအပါ တောင်ကုတ်၊ မအီ၊ ရမ်းဗြဲ ဒေသတွင်းရှိ ပြည်သူများ ဂျပန်တုတ်ကွေးရောဂါဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

ရေအလှူရှင်များ အကူအညီပေးရေးအဖွဲ့များအနေနှင့် တဖြေးတဖြေးရှားလာသည့်အတွက် ရခိုင်ဒေသတွင်း ရေရှားပါသည့်အခြေအနေကို ဖြေရှင်းကူညီဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များအနေဖြင့် ဆက်လက်ကူညီသွားမှာဖြစ်ကြောင်း သိရသည်။