ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 17, 2010

စွယ်စုံရ အနုပညာရှင် သုမောင် ကွယ်လွန်

ရိုးမ ၃

ရုပ်ရှင်သရုပ်ဆောင်၊ တေးသံရှင်၊ စာရေးဆရာ သုမောင် (ခ) ဦးဗလ အသက် (၆၀) နှစ်သည် အသဲရောဂါဖြင့် ကွယ်လွန်သွားသည်။

ယမန့်နေ့ ည (၉) နာရီခန့်က ရန်ကုန်မြို့၊ သုခကမ္ဘာအထူးကုဆေးခန်းတွင် ဆေးကုသမှုခံယူနေရင်း ဆီးချို၊ သွေးချို၊ အသဲရောဂါတို့ဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။

ဦးသုမောင်ကို ၁၉၅၁ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် အဖ စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ အမိ ဒေါ်ခင်ညိုတို့က မွေးဖွားခဲ့ပြီး၊ ၁၉၆၉ ခုနှစ်တွင် ယုဝတီဂျာနယ်တွင် စာပြင်ဆရာအဖြစ် အလုပ်လုပ်ကိုင်ရင်း ကဗျာနှင့် စာတိုပေစများကို စတင်ရေးသားခဲ့သည်။

၎င်း၏ ပထမဆုံး ဝတ္ထုတိုဖြစ်သည့် "သနပ်ခါးရေကျဲကျဲ" ဝတ္ထုကို ၁၉၇၀ ခုနှစ် ၀တ်မှုံဂျာနယ်၌ အုပ်စိုးကလောင်အမည်ဖြင့် ရေးသားခဲ့သည်။

၁၉၇၄ ခုနှစ်တွင် ''အချစ်'' အမည်ရှိ လုံးချင်းဝတ္ထုကို စတင်ရေးသားခဲ့ပြီး ထိုနှစ်အတွင်းမှာပင် "ချစ်စံနမူ"၊ "နှောင်းတမြေ့မြေ့"၊ "အကြင်တို့လင်မယား" စသည့်  ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ပြီး “သုမောင်” အမည်ဖြင့် ထင်ရှားလာကာ ''နှောင်းတမြေ့မြေ့'' ရုပ်ရှင်ကား၌ ဇာတ်ဝင်နောက်ခံတေးတစ်ပုဒ်ဖြစ်သော ''ပန်းဦးပန်မဲ့သူ'' သီချင်းကို သီဆိုခဲ့ရာမှ တေးဂီတလောကသို့ ရောက်ရှိခဲ့သူဖြစ်သည်။

စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်သုမောင်သည် ရုပ်ရှင်ဇာတ်ကားပေါင်း (၄၀)ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး  ရုပ်ရှင်နောက်ခံသီချင်းများ၊ ရေဒီယိုတေးသီချင်း၊ တိပ်ခွေသီချင်းပေါင်း ၂၀၀၀ ကျော် သီဆိုခဲ့သည်။ 

သုမောင်ရေးသားခဲ့သည့် အခြားထင်ရှားသော စာအုပ်များမှာ "အချစ်"၊ "အချစ်လား သူဖျားနေတယ်"၊ "ဍရင်ကောက်" နှင့် အခြားဝတ္ထုတိုများ၊ ၀တ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း(၀တ္ထုတိုပေါင်းချုပ်)၊ ကွမ်းစကား(၀တ္ထုတိုပေါင်းချုပ်)။ "သာဓု အင်ဆန်း(စ်)" (စုပေါင်း)၊ "အရုပ်ကလေး"၊ "အရက်သမား အမှားတထောင်"(ဆောင်းပါးပေါင်းချုပ်)၊ "ပင်တိုင်စံ မကောင်းပါဘူးကွယ်" တို့ဖြစ်သည်။

သုမောင် ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်အေးအေးမေ(အေးဘုံ)၊ သားသမီးများဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ (သရုပ်ဆောင်နှင့် အဆိုတော်)၊ ထိန်ထိန်သာ၊ ထိပ်ထားတို့ ကျန်ရစ်ခဲ့သည်။
သုမောင်၏ အနုပညာဖြတ်သန်းမှု သမိုင်းအကျဉ်း

၁၉၇၆ - "ရှင်နေမင်းမှ ပေးသောစာ"(ဘာသာပြန်)၊ "သိပ်ချစ်တယ်မဟုတ်လား" လုံးချင်းဝတ္ထုများရေးသားခဲ့ပြီး 
၁၉၇၇ - "ပင်တိုင်စံမကောင်းပါဘူးကွယ်" (လုံးချင်းဝတ္ထု)၊ ရှုမ၀မဂ္ဂဇင်းတွင် ''ငယ်အိပ်မက်'' ၀တ္ထုတို
၁၉၇၈ - "သူ့မောင်မှာ သူ့မောင်မှာ" (၀တ္ထုရှည်)၊ "အချစ်ငါမသိ"၊ "အချစ်ပွင့်ကလေးများ"၊ "အချစ် သစ်ပင်"၊ "သာဓုအင်ဆန်း"(စုပေါင်း)
၁၉၇၉ - "အချစ်(၂)"၊ "အချစ်နှင့်သူ၏ကိုကို"၊ "အချစ်၏နောက်ဆုံးနေ့များ" (လုံးချင်းဝတ္ထုများ) 
၁၉၈၀ - "အကယ်ဒမီ"၊ "အချစ်စက်"၊ "ငါကွ-ခုဆယ်ရာထောင်သောင်းသိန်းသန်းကုဋေ" (လုံးချင်း စာအုပ်များ)  
၁၉၈၁ - "လ"၊ "စပယ်သုံးကုံး"(စုပေါင်း)၊ "ထို့ကြောင့် အချစ်ဟုခေါ်ပါသည်"(စုပေါင်း စာအုပ်များ)
၁၉၈၂ - "ပန်းစွယ်တော်ရွက်ကလေး" (စုပေါင်း စာအုပ်ထွက်ခဲ့)
၁၉၈၃ - "ဍရင်ကောက်နှင့် အခြားဝတ္ထုတိုများ"
၁၉၈၄ - "၀တ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း" (၀တ္ထုတိုပေါင်းချုပ်)၊ "သာဓုနှင့်ကျွန်တော်၏ဖခင်များအကြောင်း" (၀တ္ထုတိုပေါင်းချုပ်)
၁၉၈၆ - "အချစ်လား သူဖျားနေတယ်" (၀တ္ထု)
၁၉၈၇ - "ကမ္ဘာကြီးတုန်သွားတယ်" (၀တ္ထု)
၁၉၈၈ - "ငှက်ကလေးတွေ မောင့်ခေါင်းပေါ်မှာ မင့်ခေါင်းပေါ်မှာ" (၀တ္ထု) (စာဖတ်သူအကြိုက်-မန္တလေး စာပေဆုကို''အဖေ၏အမေ'' ကိုယ်တွေ့စာတမ်းငယ်ဖြင့် ရရှိခဲ့)
၁၉၈၉ - "မချစ်တတ်တာမဟုတ်၊ မချစ်ချင်တာပါ" (၀တ္ထု)
၁၉၉၀ -  "ခုနစ်စဉ်အလွမ်း" ဇာတ်ကားဖြင့် အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုရ။
၁၉၉၅ - နိုဝင်ဘာလတွင် ဟောင်ကောင်၊ မကာအိုနိုင်ငံများရှိ ဆရာဝန်များ ငွေရတုသဘင်မှ ဖိတ်ကြားသဖြင့် မြန်မာ့တေးသီချင်းများ သွားရောက်ဖျော်ဖြေခွင့်ရခဲ့။
၁၉၉၆ - ''သောတာဆွေ လွမ်းတသ-အမှတ်တရ'' (စုပေါင်းစာအုပ်ထွက်)
၁၉၉၇ - "စာရေးဆရာကြီး ဦးရန်အောင် အလွမ်းပြေ"(စုပေါင်း စာအုပ်ထွက်)
၁၉၉၉ - "ကွမ်းစကား" (၀တ္ထုတိုပေါင်းချုပ်)၊ "ကြွေ မိန်းခလေးပုံပြင်နှင့် ဘ၀ရသစာစုများ"၊ "ပန်းယွန်း အိမ်"(စုပေါင်း)၊ "မှတ်မှတ်ရရ-ရှုမ၀ ၀တ္ထုတိုများ" စာအုပ်များထွက်။
၂၀၀၁ - "မင်းနဲ့မှချစ်တတ်ပြီ" ရုပ်ရှင်ကားတွင်သရုပ်ဆောင်ခဲ့၊ "နံနက်စာ ဆောင်းပါးပေါင်းချုပ်" စာအုပ်ထွက်။
၂၀၀၁ ခုနှစ်၊ သြဂုတ်လတွင် အမေရိကန်နိုင်ငံ၊ အိုင်အိုဝါးတက္ကသိုလ်၌ ကျင်းပခဲ့သော "နိုင်ငံတကာစာရေးဆရာများ စာပေရေးရာ လုပ်ငန်းအစီအစဉ်" သို့ တက်ရောက်စာတမ်းတင်ခဲ့။