ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 19, 2010

မြင်းခြံထောင်တွင်း နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး

ဘုန်းခိုင်။ ၁၉၊ ၅၊ ၂၀၁၀

မြင်းခြံထောင်အတွင်းမှာ ထောင်ဒဏ် (၁၀)နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ ကိုကျော်စိုး အသက် (၃၆)နှစ်သည် ဒီကနေ့ မနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်၊

ကိုကျော်စိုး မည်သည့်ရောဂါဖြင့် ကွယ်လွန်သည်ကို မသိရကြောင်းနှင့် ပြီးခဲ့သည့် ဧပြီလအတွင်းက ကျန်းမာရေး မကောင်းဖြစ်သည်ကို သိခဲ့ရပြီးနောက် အခုသေဆုံးသွားခြင်းဖြစ်ကြောင်း ကိုကျော်စိုး မိခင်ဖြစ်သူက ပြောသည်။

“ကိုကျော်စိုးဆုံးသွားပြီလို့ အဲဒီမြင်းခြံကိုလိုက်သွားတဲ့ သားကြီးနဲ့ သူ့အမျိုးသမီးက ကျမဆီကို ဖုန်းဆက်တယ်၊ မနက် (၁၀)နာရီက ဆုံးတာတဲ့ ဘာရောဂါနဲ့ဆိုတာ သေချာမသိဘူး။ သူတို့တွေ့ရတာလည်း ခဏလေးပဲတဲ့။ ရောဂါသည်းနေတာကို ဂရုစိုက်ပြီး ဆေးကုမပေးလို့ သေတာဖြစ်မယ် ကျမသားက အိမ်မှာ ဘာရောဂါမှရှိတာမှ မဟုတ်တာ” ဟု ပြောသည်။

ကိုကျော်စိုးသည် ပြီးခဲ့သည့် ဧပြီလ၊ လဆန်းပိုင်းက ကျန်းမာရေး မကောင်းသည့်အတွက် ထောင်ဆေးရုံတွင် ဆေးကုသခံခဲ့ရသည်။ ထိုစဉ် ထောင်ဝင်စာသွားတွေ့ခဲ့သည့် မိသားစုဝင်များအနေဖြင့် လူနှစ်ယောက်တွဲ၍ ကိုကျော်စိုးကို ထောင်ဝင်စာတွေ့ခဲ့ရကြောင်းနှင့် ကိုကျော်စိုးကို ဆေးဝါးကုသဖို့ မိသားစုအနေဖြင့် အပြင်က ဆေးဝါးပံ့ပိုးဖို့လည်း ထောင်အာဏာပိုင်များက ခွင့်မပြုခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ကိုကျော်စိုး ကျန်းမာရေးအခြေအနေ ဆိုးဝါးနေသော်လည်း ထောင်တာဝန်ရှိသူများက မိသားစုဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိပေ။ ထောင်နှင့်နီးစပ်သူများက အကြောင်းကြားခဲ့သဖြင့် မေလ (၁၈) ရက်နေ့က ကိုကျော်စိုး ဇနီးဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့ မြင်းခြံကို လိုက်သွားခဲ့ပြီး မေလ (၁၉) ရက်နေ့ မနက်ပိုင်းတွင် ကိုကျော်စိုး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယခုလို ကိုကျော်စိုး သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ ဦးမောင်မောင်လေးက “ဘာရောဂါဖြစ်နေတယ်ဆိုတာကို တိတိကျကျ မသိရဘူးဗျာ၊ အခုသေပြီ။ သေချာတာက ထောင်မှာ တာဝန်ရှိတဲ့သူတွေ ကိုကျော်စိုးကို ဆေးဝါးစနစ်တကျ ကုသပေးတာမျိုး မရှိဘူးဗျာ။ ဘာကြောင့်လဲဆိုတော့ ဧပြီလတုန်းက ကိုကျော်စိုးအတွက် သူ့မိသားစုက ဆေးဝါးပို့ခွင့်တောင်းတာကို ထောင်က တာဝန်ရှိသူတွေက ဆေးဝါးလုံလုံလောက်လောက်ရှိတယ် မလိုဘူးဆိုပြီး ခွင့်မပြုခဲ့ဘူးဗျာ၊ ထောင်ထဲမှာ ကိုကျော်စိုးကို ဆေးဝါးကုသမှု ကောင်း ကောင်းမလုပ်ခဲ့လို့ ဆုံးသွားတာလို့ ပြောလို့ရတယ်ပေါ့ဗျာ” ဟု ရှင်းပြသည်။

ကိုကျော်စိုးကို သူနေထိုင်သည့် တောင်ကြီးမြို့တွင် စစ်အစိုးရ အာဏာပိုင်များက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဖမ်းဆီးခဲ့ပြီး ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းရွှေ့ခံရကာ တရားမ၀င် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေမှု စသည့်ပုဒ်မများဖြင့် ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလတွင် ထောင် (၁၀) နှစ်ချမှတ်ခဲ့ပြီးနောက် မြင်းခြံထောင်သို့ ပြောင်းရွေ့အကျဉ်းချခံခဲ့ရသူ ဖြစ်သည်။

No comments:

Post a Comment