ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 18, 2010

မြင်းခြံထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတဦး ကျန်းမာရေးအခြေအနေ ဆိုးဝါး

ဘုန်းခိုင်

မြင်းခြံထောင်အတွင်း ထောင်ဒဏ် (၁၀)နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ ကိုကျော်စိုး အသက်ရှူကြပ်တဲ့ ရောဂါ၊ အစာအိမ်ရောဂါ စတဲ့ရောဂါ ဝေဒနာများ ခံစားနေရပြီး အခုရက်ပိုင်းအတွင်း အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အခြေအနေရှိနေကြောင်း သတင်းရရှိသည်။

မြင်းခြံထောင်အတွင်း ကိုကျော်စိုး ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ထောင်အာဏာပိုင်များနှင့် နီးစပ်သူဒေသခံက တောင်ကြီးမြို့ရှိ ကိုကျော်စိုးမိသားစုကို ယမန်နေ့က ဖုန်းဆက်အကြောင်းကြား သည့်အတွက် ကိုကျော်စိုးဇနီးနှင့် အစ်ကိုဖြစ်သူတို့ မြင်းခြံထောင်ကို ဒီကနေ့ လိုက်သွားဖို့ စီစဉ်နေသည်ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် ကိုမောင်မောင်လေးက ပြောသည်။

“မြင်းခြံထောင်က တာဝန်ရှိသူတွေက ပြောတာမဟုတ်ဘူး။ ထောင်အာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူပေါ့၊ ကိုကျော်စိုး မိသားစုနဲ့ အဆက်အသွယ်ရှိတဲ့ဒေသခံက အကြောင်းကြားတာ ဖုန်းဆက်ပြီး ကိုကျော်စိုး ကျန်းမာရေးအခြေအနေက အရေးပေါ်အခြေအနေတဲ့ အမြန်ဆင်းလာပါ အဲလိုဆက်သွယ်တာ အသက်ပါစိုးရိမ်ရတယ် ပေါ့ဗျာ”ဟု ပြောသည်။

ကိုကျော်စိုးရောဂါနဲ့ ပတ်သက်လို့ မိသားစုဝင်တွေအနေနဲ့ သေချာမသိရသေးတဲ့အကြောင်း ယခင်လ လဆန်းပိုင်းထောင်ဝင်စာ သွားတွေ့စဉ်က သိခဲ့ရတဲ့ ကိုကျော်စိုး ကျန်းမာရေးအခြေအနေကို ကိုမောင်မောင်လေးက “ဧပြီလတုန်းက ကိုကျော်စိုး ဇနီးရယ်၊ အစ်ကိုရယ် ထောင်ဝင်စာသွားတွေ့တုန်းက မြင်းခြံထောင်ဆေးရုံကနေ လူနာတင်ကဒ်နဲ့ခေါ်လာပြီးမှ လူနှစ်ယောက်တွဲပြီး ထောင်ဝင်စာ လာတွေ့ရတယ်တဲ့၊ အဲဒီမှာ ကိုကျော်စိုးက တကိုယ်လုံးဖောယောင်နေတယ်၊ အသက်ရှူကြပ်တယ်၊ ပြီးတော့ အစာအိမ်ရောဂါလည်းဖြစ်နေပီတဲ့ သူ့မိသားစုက အပြင်က ဆေးဝယ်ကုဖို့ပြောတော့ ထောင် အာဏာပိုင်တွေက ဆေးဝါးအလုံအလောက်နဲ့ ကုနေတယ်ပေါ့။ အဲလို မျိုးအခြေအနေရှိတယ်” ဟု ပြောသည်။

ကိုကျော်စိုးကို စစ်အစိုးရ အာဏာပိုင်များက ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့တွင် တောင်ကြီးမြို့၌ ဖမ်းဆီးခဲ့သည်။ ထို့နောက် အင်းစိန်ထောင်သို့ ပို့ဆောင်ကာ ပုဒ်မ ၁၇ (၁)၊ ၁၃(၁)၊ ၅၀၅ (ခ) စတဲ့ ပုဒ်များဖြင့် ထောင် (၁၀)နှစ်ချမှတ်ကာ၊ ကိုကျော်စိုးကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း အခြားနိုင်ငံရေးလှုပ်ရှာသူများနှင့်အနည်းတူ နယ်ဝေးထောင်များပြောင်းရွှေ့ရာတွင် ပါဝင်ခဲ့ပြီး မြင်းခြံထောင် သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သည်။