ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 13, 2010

ဓါတ်ရောင်ခြည်ကုသစက်ဝယ်ရန် ရန်ကုန်တိုင်းမှူး လက်မှတ်ထိုးငွေကောက်ခံ

ဘုန်းခိုင်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဓါတ်ရောင်ခြည်ကုသစက် အရေးတကြီး လိုအပ်သည့်အတွက် ဝယ်ယူရန် ရန်ကုန်မြို့ပေါ်က ပုဂ္ဂလိကဆေးခန်းပိုင်ရှင်များနှင့် ဆေးကုမ္ပဏီများကို ယမန်နေ့က ရန်ကုန်တိုင်းမှူး လက်မှတ်ရေးထိုးပြီး ကျပ်ငွေ (၁၀)သိန်းမှ သိန်း (၁၀၀) ထိ ကောက်ခံခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိကဆေးခန်း၊ ဆေးကုမ္ပဏီနှင့် ရောဂါရှာဖွေရေး ဆေးခန်းပိုင်ရှင်များကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းမှူးအမိန့်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ သူနာပြုဆောင် အစည်းအဝေးခန်းမသို့ ဖိတ်ကြားပြီး သက်မှတ်ငွေ မထည့်မနေရ အလှူငွေကောက်ခံခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတက်ရောက်ခဲ့သည့် ဆေးခန်းပိုင်ရှင်တဦးက “သွားတုန်းကတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်ထုတ်မလားဆိုတဲ့ အတွေးနဲ့ သွားတာ၊ ဟိုရောက်တော့မှာ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့် လက်မှတ်ထိုးထားတဲ့ အလှူခံစာရွက်ကို ပေးတာ။ ဆေးခန်းကြီးပိုင်တဲ့သူဆို ကျပ်ငွေ သိန်း (၁၀၀)၊ သိန်း (၅၀) အစားစားပေါ့လေ။ အနည်းဆုံးတော့ (၁၀) သိန်းထိ၊ အဲလိုသတ်မှတ်ချက်နဲ့ တိုင်းမှူးလက်မှတ်ထိုးထားတာဆိုတော့ မဖြစ်မနေ ပေးရမယ့်သဘော”ဟု ပြောသည်။

အဆိုပါ ဓါတ်ရောင်ခြည်ကုသစက် ဝယ်ယူရန် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ အလှူခံခဲ့ရာ ယခုတကြိမ်ဆိုပါက သုံးကြိမ်မြောက် အလှူငွေကောက်ခံခြင်း ဖြစ်သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓါတ်ရောင်ခြည်ဌာနတွင် ဓါတ်ရောင်ခြည်ကုသစက် (၃) လုံးရှိသည့်အနက် စက်တလုံးမှာ လုံးဝ ပျက်နေပြီး ကျန်စက် (၂) လုံးမှာလည်း သက်တမ်းကြာနေပြီဖြစ်သောကြောင့် ကုသချိန်ကြာမြင့်သည့် အခက်အခဲများ ရှိနေသည်။

ရန်ကုန်တိုင်းမှူးအမိန့်ဖြင့် အလှူငွေကောက်ခံနေသော်လည်း ဆေးခန်းပိုင်ရှင်အများစုမှာ ထည့်ဝင်နိုင်ခြင်းမရှိသည့် အခြေအနေကို အစည်းအဝေးတက်ရောက်ခဲ့သူက “သူတို့ ဓါတ်ငွေ့တွေ၊ ကျွန်းသစ်တွေ၊ ကျောက်စိမ်းတွေ ရောင်းထားတဲ့ ငွေတွေ၊ ဒေါ်လာတွေ သန်းပေါင်းများစွာရှိတာ။ ဘာကိစ္စအလှူခံရမလဲ။ အဲဒီ တိုင်းပြည်ဝင်ငွေတွေက ဘယ်ကိုရောက်ကုန်လဲ၊ ပြည်သူ့ကျန်းမာရေးအတွက်တော့ ပြည့်ပြည့်၀၀သုံးစွဲတာ မတွေ့ရဘူး။ ခုလိုမျိုး အာဏာသုံးပြီး အနိုင်ကျင့်ကြေးဖြတ်အလှူခံတာကိုတော့ လက်မခံဘူး။ ငွေလည်းမထည့်လိုဘူး”ဟု ပြောသည်။

လက်ရှိ အလှူငွေကောက်ခံထားရသည့် သူများအနေဖြင့် မေလ (၁၇)ရက်နေ့ နောက်ဆုံးထားပြီး ငွေပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ အခုလို အလှူငွေကောက်ခံပြီး ဝယ်ယူမည့် ခေတ်မှီဓါတ်ရောင်ခြည် ကုသစက်သည် ခန့်မှန်းတန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၁,၂၅၀,၀၀၀ (ဆယ့်နှစ်သန်းခွဲ) ကုန်ကျမည်ဖြစ်ကြောင်းနှင့် ယခင်ကောက်ခံထားသည့်ငွေ ၅၄၀,၆၀၈,၀၀၀ (ကျပ်သိန်းငါးထောင်ကျော်)၊ အက်ဖ်အီစီ ငါးထောင်၊ အမေရိကန်ဒေါ်လာတထောင် ရရှိပြီဖြစ်ကြောင်း တိုင်းမှူးလက်မှတ်ထိုးထားသည့် အလှူခံစာရွက်တွင် ဖော်ပြထားသည်။