ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

May 13, 2010

ရေအခက်အခဲဖြေရှင်းပေးဖို့ ရန်ကုန်မြို့တော်ဝန်ဆီ စာရေးသားတောင်းဆို

ရိုးမ ၃

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင်ရှိသည့် ၁၈၊ ၁၉၊ ၂၄ နှင့် ၂၅ ရပ်ကွက်များတွင် အပူချိန်မြင့်တက်ပြီး သောက်သုံးရေ အခက်အခဲဖြစ်နေသည့်အတွက် ရပ်ကွက်နေ ပြည်သူ (၁၀၀) နီးပါးက ရန်ကုန်မြို့တော်ဝန်ဆီ ရေရရှိရေးအတွက် စာရေးသားတောင်းဆိုမှုကို မနေ့က ပြုလုပ်ခဲ့သည်။

ရေရရှိရေးအတွက် စာရေးသားတောင်းဆိုရာမှာ ပါဝင်သူတဦးက “လက်မှတ်ပေါင်း တစ်ရာနီးပါးလောက်ရှိတယ် အဲလိုလက်မှတ်ထိုးပြီးတော့ မြို့တော်ဝန်ဆီကို ရေအခက်အခဲဖြစ်နေတဲ့ ကိစ္စတွေ အားလုံးကို ကူညီဖြေရှင်းပေးဖို့ ကျနော်တို့ စာတင်တယ်၊ အဲဒီစာကို မိတ္တူအနေနဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် ရေသန့်ဌာန၊ မြို့နယ် စည်ပင်သာယာကော်မတီ၊ မြို့နယ်အေး ချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကိုလည်း တင်တယ်ခင်ဗျ။"

ရန်ကုန်တိုင်းအတွင်းရှိ ဒလ၊ မင်္ဂလာဒုံ၊ ခရမ်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း ဆိပ်ကမ်းမြို့နယ် စသည့်နေရာများတွင် နေအပူချိန်မြင့်တက်ပြီး ကန်ရေတွေခမ်းခြောက် ရေမလာ၊ လျှပ်စစ်မီးမရသဖြင့် ပြည်သူများ ရေအခက်အခဲဖြစ်နေသည်မှာ ရက်အတော်ကြာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ဒဂုံမြိုသစ်တောင်ပိုင်းတွင် ရေအခက်အခဲဖြစ်နေသည့် အခြေအနေကို ဒေသခံက “ကြံ့ခိုင်ရေးကနေ ရေမီတာတလုံးကို ကျပ်တစ်သိန်းခွဲယူပြီးတော့ ချထားပေးတဲ့ ရေပိုက်လိုင်းတွေရှိတယ်။ ငမိုးရိပ်ဆည်ကနေ ရေပေးတယ်၊ အခု ရပ်ကွက်ထဲ ရေပိုက်ယူထားတဲ့သူတွေ မျက်နှာသစ်ဖို့တောင် အခက်အခဲဖြစ်တယ်။ ရေတစည်ကို တစ်ထောင်ငါးရာ ဝယ်သုံးရတယ်၊ ရေပိုက်ကနေ နည်းနည်းချင်းကျတဲ့ရေကို တညလုံးခံသုံးရတာ ရေမလာဘူးဗျ၊ ဘယ်လိုမှကို အဆင်မပြေဘူး ရေက ဒါကြောင့်ပဲ ရပ်ကွက်ထဲကလူတွေစုပြီး စာတင်တာပါ။”ဟု ဒဂုံမြို့သစ်တောင်ပိုင်းနေသူက ပြောသည်။

ယခုနှစ်အပူချိန်မြင့်တက်နေသည့်အတွက် ရေပြတ်လပ်မှုကို မြန်မာနိုင်ငံဒေသအတော်များများတွင် ရင်ဆိုင်နေကြရပြီး ထိုရေပြတ်လပ်သည့်အခြေအနေကို ကူညီဖြေရှင်းပေးဖို့ စစ်အစိုးရ တာဝန်ရှိသူထံ တောင်ဒဂုံမြို့နယ်နေ ပြည်သူတွေက ပထမဦးဆုံးအကြိမ် စာရေးသားတောင်းဆိုခဲ့ခြင်း ဖြစ်သည်။