ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Aug 31, 2010

စစ်အာဏာပိုင်များက ရွေးကောက်ပွဲစည်းရုံးရေးအတွက် အစည်းဝေးပြုလုပ်

ရိုးမ ၃။ သြဂုတ် ၃၁၊ ၂၀၁၀

ရန်ကုန်တိုင်း၊ ကမာရွတ် မြို့နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးများ ပြုလုပ်ရန်အတွက် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့် (၂၉) ရက်နေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ် အထက(၅) ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမများပါဝင်ကာ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် လုပ်ငန်းများ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“အဓိက ဆွေးနွေးတာက မဲရုံကိစ္စ၊ နောက်ကြံ့ခိုင်ဖွံ့ဖြိုးရေးက မဲဆွယ်စည်းရုံးရေးကိစ္စတွေကို ဆွေးနွေးတာ၊ နေလည်ပိုင်းလောက်မှာ ပြီးသွားတယ်” ဟု မြို့ခံက ပြောသည်။

အစည်းအဝေးသို့ ပညာရေးဝန်ထမ်းများ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များနှင့် မြို့နယ်အာဏာပိုင်များအပါအဝင် လူပေါင်း (၁၅၀)နီးပါး တက်ရောက်ခဲ့သည်။

ထို့အပြင် စစ်အစိုးရ အာဏာပိုင်များအနေဖြင့် လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်လာပါက ထိန်းသိမ်းရန်အတွက် လုံထိန်းရဲများကို စခန်းချထားကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့် ၂ ရက်ခန့်မှ စတင်၍ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်များတွင် ရာနှင့်ချီသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို အသီးသီးနေရာချထားခြင်း ဖြစ်သည်။

“ဒဂုံမြို့နယ်ထဲက အမျိုးသားပြတိုက်ဘေးကပ်ရပ်ခြံထဲမှာရယ်၊ အရင်စွမ်းအင်ဝန်ကြီးရုံးဝန်းထဲမှာရယ် နောက် ရန်ကုန်ပြည်လမ်းပေါ်ရှိ လွှတ်တော် အဆောက်အဦဝင်းထဲမှာ ချထားတာ” ဟု မြို့ခံက ပြောသည်။

အဆိုပါ လုံခြုံရေးဝန်ထမ်းများမှာ ရန်ကုန်တိုင်း၊ မှော်ဘီရဲတပ်ရင်း အမှတ်(၅)နှင့် (၆)တို့မှ ရဲဝန်ထမ်းများဖြစ်ကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

လုံခြုံရေးချထားသည့် စခန်းတခုတွင် ရဲတပ်ဖွဲ့ဝင် အင်အား (၂၀၀) ခန့်နှင့် ရဲကား (၈)စီးထားရှိကြောင်း မြို့ခံက ပြောသည်။

No comments:

Post a Comment