ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 2, 2010

လခ မထုတ်ပေးသည့်အတွက် ဝန်ထမ်းများဒုက္ခရောက်နေ

ဖြိုးကြီး။ စက်တင်ဘာ ၂၊ ၂၀၁၀

ရန်ကုန်တိုင်း၊ လှိုင်သာယာ နည်းပညာတက္ကသိုလ်မှ ဝန်ထမ်းများ၏ လခကို ပါမောက္ခနှင့် ကျောင်းတွင်းကိစ္စရပ်များ ကိုင်တွယ်နေသည့် စစ်တပ်အငြိမ်းစားတို့က ဖြတ်ယူ၍ အခမဲ့ ခိုင်းစေခြင်းများ ပြုလုပ်နေလျှက်ရှိသည်။

နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဒေါ်သိဂိံနှင့် အငြိမ်းစားဗိုလ်ကြီးများဖြစ်သော ဦးသိန်းစိုးနှင့် ဦးဌေးလွင်တို့က သန့်ရှင်းရေးဝန်ထမ်း(၁၀)ဦးနှင့် လုံခြုံရေးဝန်ထမ်း (၂) ဦးတို့၏ လစာကို ထုတ်ပေးခြင်းမရှိကြောင်း ပညာရေးဝန်ထမ်းတဦးက ပြောသည်။

“ကျောင်းတွင်းဆိုင်ရာ ကိစ္စတွေကိုင်တဲ့ အငြိမ်းစားဗိုလ်ကြီးနှစ်ယောက်ကို လစာထုတ်တဲ့ရက် ရောက်တိုင်း သူတို့က လခပေးဖို့တောင်းတဲ့အခါ နင်တို့ရဲ့အလုပ်လျှောက်လွှာတွေကို နေပြည်တော်ဝန်ကြီးရုံးကို တင်ထား တယ်။ နေပြည်တော်က ပြန်ကျလာရင် လစာရမှာပဲ၊ အားမလျှော့ပါနဲ့ဆိုတဲ့ စကားပဲပြန်ပြောတယ်” ဟု ပညာရေးဝန်ထမ်းတဦးက ပြောသည်။

သန့်ရှင်းရေးလုပ်ကိုင်နေသည့်အမျိုးသမီး (၁၀) ဦးမှာ (၁၄-၆-၂၀၁၀) ရက်နေ့ကတည်းက အလုပ်စဝင်ခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေးအမျိုးသား (၂) ဦးမှာ (၁၅-၄-၂၀၁၀) နေ့ကတည်းက အလုပ်စဝင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီဝန်ထမ်းတွေက မနက် ခြောက်နာရီခွဲ ကျောင်းကိုသွား ညနေ ခြောက်နာရီမှ ပြန်ရတယ်၊ လုံခြုံရေး ဝန်ထမ်းတွေက နားရက်မရှိဘူး၊ သန့်ရှင်းရေးဝန်ထမ်းတွေက တနင်္ဂနွေနေ့ တရက်ဘဲ နားရတယ်၊ နေ့စား သဘောခိုင်းရင်လည်း တနေ့ တထောင်နှုန်းပေးရမှာ၊ သူတို့အနေနဲ့ အလုပ်ထွက်ချင်လဲ သူတို့လုပ်ထားတဲ့ အချိန်တွေကို နှမြောတာကတစ်ကြောင်း၊ အဲဒီကာလအတွက် လုပ်အားခ မရမှာ စိုးရိမ်လို့ မထွက်ရဲသေးဘူး” ဟု ဆက်ပြောသည်။

စစ်အစိုးရ ဌာနဆိုင်ရာ အထက်အရာရှိများက လက်အောက်ငယ်သား ဝန်ထမ်းများအပေါ်တွင် နည်းအမျိုး မျိုးဖြင့် ငွေကြေးဖြတ်တောက်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေလျှက်ရှိ ကြောင်း ဝန်းထမ်းအသိုင်းအဝိုင်းအတွင်း ပြောဆိုမှုများလည်းရှိသည်။

No comments:

Post a Comment