ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 2, 2010

နဝမအကြိမ်မြောက် NCUB ညီလာခံ ကျင်းပပြီးစီး

ရိုးမ ၃။ စက်တင်ဘာ ၂၊ ၂၀၁၀

နဝမအကြိမ်မြောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ညီလာခံကို ထိုင်း- မြန်မာနယ်စပ်တနေရာတွင် ၅ ရက်ကြာ ကျင်းပပြီးစီးခဲ့သည်။

သြဂုတ်လ (၂၇) ရက်မှ (၃၁) ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အဆိုပါ ညီလာခံသို့ ကိုယ်စားလှယ် ၆၅ ဦး တက်ရောက်ခဲ့ကြပြီး ဦးဆောင်တာဝန်ယူမှုများကို ရွေးချယ်ခန့်အပ်ခဲ့သည်။

ဂုဏ်ထူးဆောင်နာယကအဖြစ် ဗိုလ်ချုပ်ကြီး တာမလာဘော၊ ဒေါက်တာစိန်ဝင်းတို့ကို ညီလာခံကြီးက ခန့်အပ်ခဲ့ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ပဒို ဒေးဗစ်တာကပေါ (ဥက္ကဌ)၊ ဦးဗိုလ်သောင်း (ဒုဥက္ကဌ-၁)၊ ပဒိုစောအားတိုး (ဒုဥက္ကဌ -၂)၊ ဒေါ်စန်းစန်း(ဒုဥက္ကဌ- ၃) အပါအဝင် သဘာပတိအဖွဲ့ဝင် ၈ ဦးနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် ဦးမောင်မောင် (အထွေထွေအတွင်းရေးမှူး)၊ ဦးအောင်မိုးဇော် (တွဲဖက်အထွေထွေအတွင်းရေးမှူး - ၁)၊ ဦးမြင့်သိဏ်း (တွဲဖက်အထွေထွေအတွင်းရေးမှူး -၂) တို့ အပါအဝင် အတွင်းရေးမှူးအဖွဲ့ဝင် ၉ ဦးကို အသီးသီး ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ညီလာခံကြီးမှ မဟာဗျူဟာ လုပ်ငန်းစဉ် (၁၃) ရပ်အား ချမှတ်ခဲ့ကြ၍ အဆိုပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကော်မတီ (၄) ခုကိုလည်း ဖွဲ့စည်းပေးခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ကို ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကာ ယခုလက်ရှိတွင် မဏ္ဍိုင်ကြီး ၄ ခုဖြစ်သည့် မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (DAB)၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF)၊ ပါလီမန် အမတ်များသမဂ္ဂ (MPU)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂ဝ၁ဝ ရွေးကောက်ပွဲအား သပိတ်မှောက်လိုက်ကြောင်း ဆုံးဖြတ်ချက်ကို ညီလာခံကြီးမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုလိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ဆုပ်ကိုင် တိုက်ပွဲဝင်နေသော အနိုင်ရ နိုင်ငံရေးပါတီအားလုံး၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပေဒနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲတို့အား ဆန့်ကျင်သပိတ်မှောက်သည့် လုပ်ငန်းစဉ်တိုင်းကို ထောက်ခံဝန်းရံသွားမည်” ဟု ညီလာခံမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် ယနေ့ကာလ မြန်မာ့နိုင်ငံရေး အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် အင်အားစုအသီးသီးအကြား ညီညွတ်ရေးကို အစွမ်းကုန် တည်ဆောက်ရန်နှင့် မှန်ကန်သော တိုက်ပွဲလမ်းစဉ်များ ချမှတ်အကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်းနှင့် NCUB အနေဖြင့် အင်အားစုအသီးသီးအကြား ခိုင်မာသော ခေါင်းဆောင်မှုနှင့် ညီညွတ်သောလှုပ်ရှားမှုများကို စုစည်းတည်ဆောက်ပေးရန် တာဝန်ရှိသည်ဟု ခံယူပါကြောင်း အဆိုပါ ကြေညာချက်တွင် ဆက်လက်ဖော်ပြထားပါသည်။

No comments:

Post a Comment