ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 1, 2010

“ဗိုက်မှောက်နေရသည့် ဘဝများ” အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်

ဖြိုးကြီး။ စက်တင်ဘာ ၁၊ ၂၀၁၀

မြန်မာစစ်အစိုးရ၏ မတရားအခွန် ကောက်ခံနေမှုများနှင့်ပတ်သက်၍ “ဗိုက်မှောက်နေရသည့် ဘဝများ” အမည်ရှိ အစီရင်ခံစာတစောင်ကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ဖြန့်ဝေခဲ့သည်။

အဆိုပါ အစီရင်ခံစာကို လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ)က ထုတ်ဝေဖြန့်ချိခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အစီရင်ခံစာထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) (ND-Burma)၏ အကြံပေးပုဂ္ဂိုလ် ဦးတိတ်နိုင်က “စစ်အစိုးရအာဏာပိုင်တွေက ပြည်သူလူထုအပေါ် ဥပဒေမဲ့၊ မတရား အခွန်တွေ ကောက်တာတွေကို သိရှိစေဖို့ ကျနော်တို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက်က ခေါင်းစဉ်တခု အနေနဲ့ အဲဒီအချက်အလက်တွေကို ကောက်ယူပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခွန်ကောက်ခံမှုတွေဟာ တခြားနိုင်ငံနဲ့မတူတာတွေကို မီးမောင်းထိုးပြတဲ့သဘောပါ” ဟု ပြောသည်။

ယင်းအစီရင်ခံစာတွင် အဓိကအားဖြင့် တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကောက်ခံသည့် အခွန်များ၊ အသေးစားလုပ်ငန်းများ၊ လုပ်အားပေး၊ ပညာရေးနှင့် စာသင်ကျောင်းများတွင် ကောက်ခံနေလျှက်ရှိသည့် မတရား အခွန်ကိစ္စရပ်များကို သက်သေခံအထောက်အထားများဖြင့် ဖော်ပြထားခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးမှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) စီမံခန့်ခွဲရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လိုည်းဒါင်းဇျားက ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် တရားမဝင် အခွန်များကောက်ခံခြင်းနှင့် ဆက်စပ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန်၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လူသိရှင်ကြား အသိမှတ်ပြုပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရာတွင် ကုလသမဂ္ဂအနေဖြင့် ထောက်ခံရန် အဓိက တိုက်တွန်းလိုကြောင်း လိုည်းဒါင်းဇျားက ဆက်ပြောသည်။

အဆိုပါအစီရင်ခံစာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်မှ စတင်ကာ မှတ်တမ်းပြုစု၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီအစီရင်ခံစာမှာ ၂၀၀၄-၀၅ နှစ်ပိုင်းတွေအတွင်းက အခွန်ကောက်ခံမှုတွေလည်း ပါတယ်၊ နေရာဒေသတွေကတော့ ကျမတို့ (ND-Burma) အဖွဲ့ဝင်အဖွဲ့စည်းတွေ အခြေပြုလှုပ်ရှားနေတဲ့ နယ်မြေဒေသတွေကနေ ကောက်ယူရရှိတဲ့ သတင်းတွေ ဖြစ်ပါတယ်၊ သတင်းအချက်အလက်ပေါင်း (၃၄၂) ကို အခြေခံပြီး ပြုစုထားတာပါ” ဟု ဆက်ပြောသည်။

လူ့အခွင့်အရေးမှတ်တမ်း ကွန်ယက်(မြန်မာနိုင်ငံ) တွင် အဖွဲ့ဝင်ပေါင်း ၁၃ ဖွဲ့ရှိပြီး မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများတွင် ခံစားနေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နယ်မြေအလိုက် စုပေါင်း မှတ်တမ်းတင်ကာ အသွင်းကူးပြောင်းရေးကာလ တရားမျှတမှုနှင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

No comments:

Post a Comment