ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 4, 2010

လူမှုအကူညီရေး အဖွဲ့ချုပ်ဝင်များက နိုင်ငံရေးအမြင် နှီးနှောဖလှယ်ပွဲပြုလုပ်

ရိုးမ ၃။ စက်တင်ဘာ ၄၊ ၂၀၁၀

မန္တလေးမြို့မှ လူမှုအကူညီရေး အဖွဲ့ချုပ်ဝင်များက ညောင်ဦး၊ ကျောက်ပန်းတောင်းနယ်များသို့ သွားရောက်၍ အကူညီပေးရေးနှင့် နိုင်ငံရေးအမြင် နှီးနှောဖလှယ်ပွဲကို ယနေ့ပြုလုပ်ခဲ့သည်။

လူမှုအကူညီပေးအဖွဲ့ဝင်များအနေဖြင့် ယနေ့ နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ ကျောက်ပန်းတောင်းမြို့မှ စည်းရုံးရေးမှူး အဖွဲ့ချုပ်ဝင်များနှင့် တွေ့ဆုံကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်ချက်များကို ချပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဗဟိုလူမှုအကူညီရေးအဖွဲ့မှ ဦးကိုလေးက ပြောသည်။

“ကျနော်တို့က ကျောက်ပန်းတောင်းက သူတွေနဲ့တွေ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်တွေကို ရှင်းပြတယ်၊ ကျောက်ပန်းတောင်းက အဖွဲ့တွေကလည်း သူတို့ သိချင်တာတွေမေးကြတယ်” ဟု ပြောသည်။

ထို့အပြင် လူမှုအကူညီမှုအနေဖြင့် ညောင်ဦးမြို့မှ နိုင်ငံရေးမှုဖြင့် အကျဉ်းကျခံနေရသည့် ကျူရှင်ဆရာ ကိုကျော်ကျော်၊ ကျောက်ပန်းတောင်းမြို့မှ ကိုဝင်းချိုတို့အား အကူညီပေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ မိသားစုဝင်များကို စိတ်ဓါတ်မြှင့်တင်ရေးနှင့် အားပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“အခု ကျနော်တို့ လူမှုအကူညီပေးလုပ်ငန်း သုံးကြိမ်၊ ပညာရေးအကူညီပေး တကြိမ် လုပ်ပြီးပါပြီ၊ ကိုကျော်ကျော်က ထောင်ဒဏ်ငါးနှစ်နဲ့ ဗန်းမော်ထောင်မှ ရောက်နေပါတယ်၊ ကိုဝင်းချိုကတော့ အိုးဘိုတောင် ပြစ်ဒဏ် ၁၁ နှစ် ကျခံနေရပါတယ်၊ သူတို့ကို အကူညီပေးပြီးတော့ ကျန်နေခဲ့တဲ့ မိသားစုတွေကို စိတ်ဓါတ်ရေးရာ မြှင့်တင်မှုတွေ လုပ်ပေးတာပါ” ဟု ဆက်ပြောသည်။

ယခုကဲ့သို့ လူမှုအကူညီပေးရေး ကိစ္စရပ်များကို ကိုယ်တိုင်သွားရောက် လုပ်ပေးနေခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်ချက်များကို အားလုံးသိရှိစေလိုသည့်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အလားတူ မကြာခင်ရက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် NLD ခေါင်းဆောင်များ မြစ်ဝကျွန်းပေါ်ဒေသခရီးစဉ် သွားရောက်ရာတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားအမြင်များကို ချပြဆွေးနွေးခဲ့ကြသည်။