ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 5, 2010

စစ်တပ်အရာရှိနှင့်တပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦးသေဆုံး

ရိုးမ ၃။ စက်တင်ဘာ ၅၊ ၂၀၁၀

ပဲခူးမြို့ပေါ် ညဈေးအနီး မြလမ်းထိပ်တွင် စစ်တပ်အရာရှိများက ဆိုင်ကယ်ချင်းချိတ်မိရာမှ အရပ်သားလူငယ်များကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လူငယ်နှစ်ဦးသေဆုံးခဲ့သည်။

ယမန်နေ့ည ၁၂ နာရီခွဲခန့်က ကယ်လီဖိုးနီးယား အရက်ဆိုင်မှထွက်လာသည့် စစ်တပ်အရာရှိများစီးလာသော ဆိုင်ကယ်နှင့် လူငယ်များစီးလာသည့် တုတ်တုတ်သုံးဘီးဆိုင်ကယ် ချိတ်မိရာ စစ်တပ်အရာရှိက ၎င်း၏ တပည့်များကိုခေါ်ကာ ပစ်သတ်ခိုင်းခြင်းကြောင့် မောင်အောင်သူဟိန်းနှင့် မောင်စိုးပိုင်ဇော်တို့ ပွဲချင်းပြီးသေဆုံးသွားကြောင်း မောင်အောင်သူဟိန်းရဲ့ အဒေါ်ဖြစ်သူက ပြောသည်။

“စဖြစ်တာက တုတ်တုတ်ဆိုင်ကယ်နဲ့လာတော့ အရာရှိတွေစီးလာတဲ့ ဆိုင်ကယ်ကို တုတ်တုတ်ဆိုင်ကယ် နောက်နဲ့ ချိတ်သွားတာကို အပြန်အလှန်ဆဲဆိုကြရင်းနဲ့ ထိုးကြိတ်ကြတယ်၊ ကလေးတွေချည်းဘဲ ခြောက်ယောက်လောက်ရှိတယ်၊ အဲဒီစစ်ဗိုလ်က သူတာဝန်ကျတဲ့ ဘူတာက စစ်သားတွေကို သူစီးလာတဲ့ ဆိုင်ကယ်မောင်းတဲ့သူကို သွားခေါ်ခိုင်းပြီး အားလုံးကို ပစ်သတ်ဆိုပြီး အမိန့်ပေးတာ” ဟုပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်ရာတွင် ပါဝင်သူများမှာ ပဲခူးဘူတာကြီး အိုတီစီရုံးတွင် တာဝန်ကျနေသည့် ဘုရားကြီးလမ်းခွဲအနီး ဘောနက်ကြီးကျေးရွာ အခြေစိုက် အမှတ် (၅၉) ယန္တယားတပ်မှ စစ်သားများပါဝင်ပြီး သတ်ရန် အမိန့်ပေးသည့် ဗိုလ်ကြီးနှင့် အခြားအရာရှိတဦးမှာ ဘုရားသုံးဆူနယ်မှ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကလေးတွေကို ပစ်တာက မြလမ်းထိပ်မှာ နှစ်ဖက်ညှပ်ပြီး ပစ်တာ၊ ရှစ်ယောက်လာပြီး လမ်းထိပ်နှစ်ဖက် ပိတ်ပြီး တဖက်က ၂ ယောက်၊ တဖက်က ၁ ယောက် ပစ်တာ၊ ကျန်ငါးယောက်က မပစ်ဘူး၊ ကျမတို့သွားတဲ့ အချိန်မှာ ရဲတွေက သေနတ်သံကြားလို့ ရောက်လာပြီး လူနှစ်ယောက်လဲနေတယ်ဆိုပြီး မြလမ်းထိပ်ကနေ ဝါးလုံးနဲ့တားပြီး ကန့်သတ် နယ်မြေလုပ်လိုက်တယ်၊ အဲဒီမှာ ရပ်ကွက်ကောင်စီ ဥက္ကဌ ဦးဇော်လွင်က မကြည့်နဲ့တော့ နင်တို့တူလေး ပွဲချင်းပြီး ဆုံးသွားပြီဆိုပြီး ပြောတယ်၊ ၂ နာရီခွဲမှာ ရင်ကွဲတောင်ကို ကြိုးနဲ့ တုတ်ပြီး နှစ်ယောက်စလုံးကို စစ်ကားကြီးနဲ့ တင်သွားတယ်၊” ဟု မောင်အောင်သူဟိန်း၏ အဒေါ်က ဆက်ပြောသည်။

သေဆုံးသွားသည့် မောင်အောင်သူဟိန်းမှာ အသက် (၂၂)နှစ်၊ မောင်စိုးပိုင်ဇော်မှာ (၁၈) နှစ်ဖြစ်ပြီး ယင်းကဲ့သို့ စစ်အရာရှိများ ပစ်သတ်မှုဖြင့် သေဆုံးသွားသည့်အလောင်းကို ဆေးရုံမှ အသုဘချမည်ဟု ပြောဆိုသည့်အတွက် ကာယကံရှင်မိသားစုများက အလောင်းကို ပြန်လိုချင်သော်လည်း ယခုအထိ ထုတ်မပေးသေးကြောင်း ၎င်းက ဆက်ပြောသည်

“ဒီမနက်ကြတော့ ကျမတို့ အိမ်ကို ရပ်ကွက်လူကြီးတွေ ရောက်လာတယ်၊ သူတို့က ဗျူဟာမှူးက သူတို့ကို ဖုန်းဆက်တယ်ပေါ့၊ ကာယကံရှင်ကလေးနှစ်ဦးရဲ့ မိသားစုတွေကို ကျေနပ်အောင် လုပ်ပေးပါမယ်၊ နောက်တော့ ဒီအလောင်းကို ဆေးရုံကဘဲ အသုဘချမယ် ပြောတယ်၊ ကျမတို့က အဲလိုတော့မဖြစ်ဘူး၊ အောင်သူဟိန်းရဲ့အမေက ဒီနေ့ဘဲ ရှမ်းပြည်အောင်ပန်းက လာပြီ၊ သူတို့လာမှ ဆုံးဖြတ်လို့ရမယ်ဆိုပြီး ပြောတယ်၊ ကျမ ရင်ကွဲတောင် ရောက်နေတုန်း ဗျူဟာမှူး အိမ်ကို လာသွားပြီး မိဘတွေရောက်လာရင် အကြောင်းကြားဖို့ ပြောသွားတယ်” ဟု ပြောသည်။

စစ်အာဏာပိုင်များက ယခုကဲ့သို့ အရပ်သားလူငယ်များကို သတ်ဖြတ်ခဲ့သည့် အရာရှိအား ဖမ်းဆီးခြင်း မရှိသေးဘဲ ကာယကံရှင်များကို လူစုလူဝေးမဖြစ်စေရန် ပြောဆိုမှုများလဲ ရှိသည်။

“အပိုင်းထဲမှာ ထောက်လှမ်းရေးတွေ ရဲတွေအရပ်ဝတ်နဲ့ စောင့်နေကြတယ်၊ အဲဒီအရာရှိကို တင်လာတဲ့ ဆိုင်ကယ် ကယ်ရီသမားကို နောက်ထပ်စစ်သားတွေ သွားခေါ်ပေးတဲ့အတွက် ဖမ်းထားတယ်၊ ကိုသက်ရယ်၊ ကျော်သူမင်းဆိုတဲ့ ကလေးနှစ်ယောက်ကိုလဲ စခန်းမှာ ခေါ်ထားတယ်၊ သူတို့ စာရင်းထည့်ထားတာက ငါးယောက်” ဟု ပြောသည်။

ပြီးခဲ့သည့် လေးလခန့်ကလည်း ပဲခူးမြို့ပေါ်တွင် ဘူတာရုံတာဝန်ကျ စစ်သားများက စစ်သားအဖြစ် စုဆောင်းသည်ကို ထွက်ပြေးခဲ့သည့် ကလေးငယ်တဦးအား ပစ်သတ်ခဲ့မှု ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment