ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 9, 2010

အာဏာသုံးစည်းရုံးနေသည့် ကြံ့ဖွံ့ပါတီကို လူထုက မကျေနပ်ဖြစ်နေ

ရိုးမ ၃၊ စက်တင်ဘာ ၉၊ ၂၀၁၀

အာဏာကိုအသုံးချ၍ စည်းရုံမှုပြုလုပ်သည့်အတွက် ကြံ့ဖွံ့ပါတီကို ကော့သောင်းမြို့ ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။

ယနေ့ နေ့လည် ၂ နာရီခန့်က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဗိုလ်ချုပ်မောင်မောင်သိန်းက ကော့သောင်းမြို့ပေါ်မှ အစ္စလာမ်ဘာသာဝင်များကို အဓိက ပစ်မှတ်ထား စည်းရုံးခြင်းများနှင့် ပတ်သက်၍ ဒေသခံတဦးက ပြောခြင်းဖြစ်သည်။

“ပလီဆရာတွေ ဘာသာရေးခေါင်းဆောင်တွေကို ခေါ်ပြီးဆွေးနွေးတာ၊ ကြံ့ဖွံ့တွေ ပါတယ်၊ ယူနီဖောင်းအပြည့်နဲ့ စည်းရုံးရေးဆင်းသွားတာ၊ အာဏာပိုင်တွေ သက်ဆိုင်ရာ ရယကတွေရဲ့ စီစဉ်ပေးမှုအပေါ်မှာ အဓိကထား လုပ်သွားတာ၊ ကျန်တဲ့ပါတီတွေကြတော့ ဒီလိုလုပ်ခွင့် မရှိဘူးလေ၊ အဲဒီအပေါ်မျှတမှု မရှိဘူးလို့ လူတွေက ပြောတာ” ဟု မြို့ခံကပြောသည်။

အဆိုပါစည်းရုံးရေးအစည်းဝေးကို ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက်မှ ဦးအောင်စိုး နေအိမ်တိုက်ခန်းတွင် ပြုလုပ်သွားပြီး လူဦးရေ (၆၀) ခန့်သာ တက်ရောက်ကြောင်း ဒေသခံက ဆက်ပြောသည်။

“ဒီစည်းရုံးရေးမှာ စာရွက်တွေ ကမ်းသွားတယ်၊ ကြံ့ဖွံ့ မူဝါဒတွေ လျှပ်စစ်မီးကိစ္စပါတယ်၊ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်၊ ဒေသတွင်း လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်တွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရဲ့ လုပ်ငန်းအစီအစဉ်အဖြစ် ထည့်သွင်းရေးထားတာတွေ ပါတယ်” ဟု ပြောသည်။

အဆိုပါ လက်ကမ်းစာစောင်များတွင် ကြံ့ခိုင်ရေးအဖွဲ့၏ အခြေခံသဘောထား (၁၅)ချက်ကို အဓိကထား ဖော်ပြထားပြီး တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ဟု ရေးသားထားကာ ခြင်္သေ့ကိုသာ ရွေးချယ်ပါ၊ ဖော်ပြပါ လုပ်ငန်းစဉ်များကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရေးသားထားကြောင်း ဒေသခံက ဆက်ပြောသည်။

“ပါတီရဲ့ တင်ပြချက်ဆိုတဲ့စာမျက်နှာမှာ တိုင်းပြည်၌ ခေတ်စနစ်သည် အမျိုးမျိုးပြောင်းလဲခဲ့သည်။ ယခုအကြိမ် ခေတ်အပြောင်းအလဲ၌ ပြည်သူတွေအတွက် စိတ်အေးချမ်းသာ လုံခြုံစွာဖြင့် လူမှုရေးဘဝ တိုးတက်ရေးကို အဓိက ဦးစားပေး စဉ်းစားရန်ဖြစ်သည်ဆိုပြီး ဖော်ပြထားတယ်” ဟု ပြောသည်။

စစ်အစိုးရ ဝန်ကြီးများအနေဖြင့် လာမည့်နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်အရွေးခံရန် နယ်မြေများသတ်မှတ်ထားပြီး အာဏာငွေကြေးများ အသုံးပြုကာ ခြိမ်းခြောက် စည်းရုံးမှုများကို ပြုလုပ်နေလျှက်ရှိသည်။

No comments:

Post a Comment