ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 8, 2010

ပါ့(စ်)ပို့ မထုတ်ပေးသည့်အတွက် အလုပ်သမားများ ဆန္ဒပြ

ဖြိုးကြီး၊ စက်တင်ဘာ ၈၊ ၂၀၁၀

ထိုင်း- လာအိုနယ်စပ် ထိုင်းဘက်ကမ်း ခွန်ကယ်မြို့ရှိ DECHAPANIC (ဒီချာပဲန်နင်) ပိုက်စက်ရုံမှ မြန်မာအလုပ်သမားများ၏ ပါ့(စ်)ပို့များကို ပြန်မထုတ်ပေးသည့်အတွက် ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားနေလျှက် ရှိသည်။

အလုပ်သမား (၃၀၀)ခန့်က ၎င်းတို့၏ ပါ့(စ်)ပို့များကို စက်ရုံသူဌေးက သိမ်းဆည်းထားပြီး တနှစ်ပြည့်လျှင် ထုတ်ပေးမည်ဟု ပြောသော်လည်း ပြန်ထုတ်ပေးရာတွင် ပါ့(စ်)ပို့ကပ်ခွာများဖြစ်နေသည့်အတွက် ဆန္ဒပြနေရခြင်းဖြစ်ကြောင်း အလုပ်သမားတဦးက ပြောသည်။

“ဖြစ်တာက အလုပ်သမား လေးငါးခြောက်ယောက်က တနှစ်ပြည့်သွားတော့ သူတို့ ပါ့(စ်)ပို့တွေ တောင်းတဲ့အခါ ထုတ်ပေးတာက အတုဖြစ်နေတယ်၊ ကျနော်တို့ မြန်မာပြည်က တက်လာတုန်းက ကိုယ့်ပါ့(စ်)ပို့နဲ့ကိုယ် အခုကျတော့ လာပေးတာက ပုံကတခြား ပါ့(စ်)ပို့က တခြား၊ လူပုံက တခြားဖြစ်နေတယ်၊ ပုလိပ်ဖမ်းတဲ့အခါ ဒီမနက်စက်ရုံကို ပုလိပ်ရောက်လာပါတယ်၊ ဘယ်သူလုပ်ပေးတာလဲ ဘာလဲပေါ့ဗျာ၊ သူဌေးနဲ့က သူတို့ ရှမ်း အချင်းချင်းဆိုတော့ ငွေပေးလိုက်တော့ အဆင်ပြေသွားတယ်၊ အဲဒါနဲ့ ကျနော်တို့ ပါ့(စ်)ပို့သမားတွေက အေးအေးဆေးဆေးဘဲ ဆန္ဒပြကြတာပါ” ဟု ပြောသည်။

အလုပ်သမားများမှာ ၎င်းတို့ ပါ့(စ်)ပို့ ပြန်ရရေးအတွက် အလုပ်မဆင်းဘဲ စက်ရုံဝန်းအပြင်တွင် စုဝေးနေကြ ခြင်းဖြစ်ပြီး ပါ့(စ်)ပို့ထုတ်ပေးရန်အတွက် သူဌေးလူယုံများက လက်ရှိ ကိုင်ဆောင်ထားသည့် အလုပ်သမားကဒ်များ ပြန်တောင်းနေကြောင်း ၎င်းက ပြောသည်။

“ကဒ်ပေးလို့ ပါ့(စ်)ပို့ ပြန်ပေးမယ်ဆိုရင် ကျနော်တို့က လက်ခံတယ်၊ ပြန်မပေးရင် လက်မခံဘူး၊ အဲဒီအလုပ်သမားကဒ်လေး ကျနော်တို့ ပေးလိုက်ရင် တဖက်လှည့်နဲ့ သူတို့ ပါ့(စ်)ပို့ ပြန်ပေးမှာ မဟုတ်ဘူး သူတို့က လုပ်တတ်တယ်၊ ကျနော်တို့က တနှစ်ပြည့်တော့မဲ့သူတွေ အများကြီးရှိပါတယ်၊ သူတို့က ပါ့(စ်)ပို့ ဗီဇာ မပေးချင်လို့ ဒီလိုလုပ်တာ” ဟု ဆန္ဒပြအလုပ်သမားက ဆက်ပြောသည်။

ယင်းအလုပ်သမားများအနေဖြင့် သုံးနှစ်စာချုပ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ပြီး ပါ့(စ်)ပို့ ကုန်ကျငွေအတွက် တနှစ်စာလုပ်အားခ ဖြတ်တောက်ပြီး တနှစ်ပြည့်လျှင် ပါ့(စ်)ပို့ကို အလုပ်ရှင်မှ ထုတ်ပေးမည်ဟု သဘောတူညီချက်များရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“သူတို့ခေါ်တုန်းက တနှစ်ပြည့်ရင် ပါ့(စ်)ပို့ထုတ်ပေးမယ် ထိုင်းတနိုင်ငံလုံး သွားနေရမယ်ပြောတယ်၊ တရက်ကို ဘတ် (၁၇၀) နှုန်း မနက်ကို ၈ နာရီကနေ ည ၈ နာရီအထိပြောတယ်၊ အဲဒီလုပ်အားခနဲ့ချေတာ၊ တနေ့ကို ၈၀ နှုန်းလောက်သွင်းနေရတာ၊ အခုအဲဒါက တနှစ်ပြည့်တော့မဲ့အချိန်မှာ သူတို့က အခုလိုလုပ်တာ” ဟု ပြောသည်။

အလုပ်သမားများကို စက်ရုံအာဏာပိုင်များက ယနေ့ညနေတွင် လူစုခွဲ၍ စက်ရုံထဲ ပြန်မဝင်လျှင် တောမောင်း ခေါ်ဖမ်းပြီး မြန်မာပြည်ပြန်ပို့မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများလဲရှိကြောင်း ၎င်းက ဆက်ပြောသည်။

“စက်ရုံထဲပြန်ဝင်မယ်ဆိုရင် ကိုယ့်ကဒ်ကိုယ်ယူပြီးပြန်ဝင်၊ အလုပ်ထဲမဝင်ဘူး ကျနော်တို့ ပြန်မယ်ဆိုရင် အလုပ်ကဒ်တွေလာပေး အဝတ်အစားတွေ ပြန်သိမ်း ဒီနေ့ဘဲ ပြန်ပို့ပေးမယ်၊ ခဏနေ ကားရောက်လာ လိမ့်မယ်ဆိုပြီး သူဌေးလူယုံက ပြောတယ်” ဟု ပြောသည်။

အဆိုပါအခြေအနေများနှင့် ပတ်သက်၍ ရွေ့ပြောင်းမြန်မာအလုပ်သမားများ အရေးဆောင်ရွက်နေသည့် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ တာဝန်ခံဦးမိုးဆွေက အလုပ်သမားများအနေဖြင့် မိမိတို့၏ ပါ့(စ်)ပို့ကို အလုပ်သမားကိုယ်တိုင် ပိုင်ဆိုင်ထားခွင့်ရှိပြီး မည်သူတဦးတယောက်ကမှ သိမ်းဆည်းခြင်းလုပ်ခွင့် မရှိကြောင်း ပြောသည်။

“ဒီအခြေအနေအရတော့ အလုပ်သမားတွေက သဘောတူညီမှု သူတို့စာချုပ်အရ တနှစ်ပြည့်ရင် ပါ့(စ်)ပို့ ပြန်ထုတ်ပေးရမှာပါ၊ သူဌေးက သိမ်းတယ်ဆိုတာက ဘာအကြောင်းနဲ့မှ သိမ်းထားခွင့်မရှိဘူး” ဟုပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အလုပ်သမားများကိုင်ဆောင်သည့် ပါ့(စ်)ပို့သည် မြန်မာအစိုးရ၏ တရားဝင် ထုတ်ပေးထားသည့်အတွက် မြန်မာအစိုးရတွင် တာဝန်ရှိကြောင်းကို ထောက်ပြပြောဆိုသည်။

“ဒီအပေါ်မြန်မာအစိုးရအနေနဲ့ တာဝန်အများကြီးရှိတယ်၊ အထူးသဖြင့် ပါ့(စ်)ပို့တွေကို အလုပ်ရှင်တွေက သိမ်းထားတယ်ဆိုတာဟာ မြန်မာသံရုံးအနေနဲ့ အထူးတာဝန်ရှိတယ်၊ အလုပ်သမားတွေ အနေနဲ့ကလည်း ကိုယ်ပိုင်ပါ့(စ်)ပို့နဲ့ တက်ကြတဲ့အခါ မိမိပါ့(စ်)ပို့ကို တောင်းခွင့်ရှိတယ်၊ ပြီးတော့ ပါ့(စ်)ပို့ကို မိတ္တူအစုံ ကူးထားဖို့လိုတယ်” ဟု ပြောသည်။

No comments:

Post a Comment