ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 6, 2010

အရပ်သားများကို ပစ်ခတ်သူများသည် ဆင်ခြင်တုံတရားမဲ့သူဟု ရဲအာဏာပိုင်ပြော

ရိုးမ ၃။ စက်တင်ဘာ ၆၊ ၂၀၁၀

အရပ်သားနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အရာရှိနှင့် စစ်သားများသည် ဆင်ခြင်တုံတရား ကင်းမဲ့သူ ဖြစ်ကြောင်း ရဲအာဏာပိုင်က ဝန်ခံပြောဆိုပြီး ထိရောက်စွာအရေးယူမည်ဟု ပြောသည်။

သေဆုံးသွားသူ မောင်အောင်သူဟိန်း အဖွားဖြစ်သူနှင့် မိခင်ဖြစ်သူတို့ အမှတ်(၁) ရဲစခန်းသို့ သွားရောက် တွေ့ဆုံရာတွင် တာဝန်ရှိသူက ပြောလိုက်ခြင်းဖြစ်ကြောင်း အဒေါ်ဖြစ်သူက ပြောသည်။

“ကျမတို့ကတော့ ပြစ်မှုကျူးလွန်တာ မဟုတ်ဘဲ အခုလို ရက်ရက်စက်စက်သတ်တဲ့အတွက် မကျေနပ်ဘူးလို့ သူတို့ကိုပြောထားတယ်၊ သူတို့ကလည်း သားသမီးချင်း စာနာပါတယ်ပေါ့၊ ဒီအရာရှိကလည်း ဆင်ချင်တုံတရားမရှိလို့ ဒီလိုဖြစ်တာလို့ ပြောပါတယ်၊ အဲဒီမှာ ကျမ အစ်မက ဒီလိုစစ်တပ်ထဲမှာ လက်နက်ကိုင်ပြီး သတ်ချင်တိုင်း သတ်ခွင့်ရှိတယ်ဆိုရင် ကျမတို့လည်း အဲလိုခွင့်ပြုမှာလားဆိုပြီး ပြောခဲ့တယ်” ဟု ပြောသည်။

သေဆုံးသွားသူနှစ်ဦး၏ ရုပ်အလောင်းကို ကာယကံရှင်များထံ ပြန်မပေးသေးခြင်းမှာ တစုံတရာ လူထုဆူပူမှုများ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ဖြစ်ကြောင်း ရဲအာဏာပိုင်များက ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“အသုဘကို သူတို့စစ်တပ်ဈာပနအနေနဲ့ လုပ်ပေးမယ်၊ ဖြစ်ချင်တာလုပ်ပေးမယ်၊ အလောင်းပြန်မပေးတာလဲ စိတ်မဆိုးပါနဲ့၊ ဒီအလောင်းကိုပြန်ပေးလိုက်လို့ သူငယ်ချင်းအပေါင်းအသင်းတွေက လာကြည့်ကြရင်းနဲ့ မခံ မရပ်နိုင်ဖြစ်လာရင် မထိန်းသိမ်းနိုင်ဖြစ်မှာစိုးလို့ အသုဘချမှ အိမ်သားတွေကလာဖို့ သက်ဆိုင်ရာက စောင့်ကြပ်ပေးပါမယ် ပြောတယ်၊ ကျမတို့အမေက ဖြစ်ချင်တာမဖြစ်ရတဲ့အတွက် စစ်သားရော ရဲရော ဘယ်သူမှ လာစရာမလိုဘူး၊ ကိုယ့်ရပ်ကွက်ကလူတွေနဲ့ဘဲ လုပ်မယ်ပြောလိုက်တယ်၊ အားလုံးအေးအေးဆေးဆေး ဖြစ်အောင်လုပ်မယ် ပြောထားတယ်၊” ဟု အောင်သူဟိန်း၏ အဒေါ်က ဆက်ပြောသည်။

ပဲခူးမြို့ပေါ်တွင် သေဆုံးသွားသူနှစ်ဦး၏ အလောင်းကိုသွားရောက် ကြည့်ရှုသူများနှင့် ပြည့်နှက်နေပြီး အာဏာပိုင်များအနေဖြင့် လူထုဆူပူမှုဖြစ်ကို စိုးရိမ်သည့်အတွက် ပဲခူးဆေးရုံကြီး ရင်ကွဲတောင်တွင် စစ်တပ်၊ ရဲနှင့် ရပ်ကွက်လူကြီးများဖြင့် စောင့်ကြပ်မှုများပြုလုပ်ထားသည်ဟု ပြောသည်။

သေဆုံးသွားသူ မောင်အောင်သူဟိန်းမှာ အဖ ဦးမြတ်သူ၏ သားဖြစ်ပြီး ဇိုင်းကနိုင်း(တောင်) မင်္ဂလာလမ်း အိမ်အမှတ် (၂၀၀) နေထိုင်သူဖြစ်ပြီး မောင်စိုးပိုင်ဇော်မှာ ဇိုင်းဂနိုင်း (တောင်) အိမ်အမှတ် (၁၇၇) မြလမ်းနေ အဖ ဦးဟုတ်ကြည်၏ သားဖြစ်သည်။

မောင်အောင်သူဟိန်း၏ ဈာပနကို မိသားစုကိုယ်တိုင် အင်္ဂါနေ့တွင် အသုဘချမည်ဖြစ်ကြောင်း အဒေါ်ဖြစ်သူက ပြောသည်။

No comments:

Post a Comment