ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 7, 2010

အသုဘပို့သွားသူများ တားမြစ်စစ်ဆေးခံရ

ရိုးမ ၃။ စက်တင်ဘာ ၇၊ ၂၀၁၀

ပဲခူးမြို့ပေါ် စက်တင်ဘာလ ၄ ရက်နေ့ သန်းခေါင်ယံအချိန်တွင် စစ်တပ်က ဥပဒေမဲ့ ပစ်သတ်ခြင်းကြောင့် သေဆုံးခဲ့သည့် လူငယ်နှစ်ဦး၏ ဈာပနကို ပို့ဆောင်ရန် ရန်ကုန်မှာ ပဲခူးသို့ သွားသူများကို ဒီကနေ့ မနက်ပိုင်းတွင် အာဏာပိုင်များက တားမြစ်ပိတ်ပင်ခဲ့သည်။

လူ့အခွင့်အရေးရှေ့နေ ဦးဖိုးဖြူ အပါဝင် ၁၁ ဦးတို့အား အင်းတကော်စစ်ဆေးရေးဂိတ်တွင် ခေါ်ယူစစ်ဆေးပြီး အသုဘချချိန်ကျော်မှ ပြန်လွှတ်ပေးလိုက်ကြောင်း ရှေ့နေ ဦးဖိုးဖြူက ပြောသည်။

“ဒီမနက် ၁၁ ခွဲ၊ ၁၂ နာရီကြားထဲမှာ အင်းတကော် ဂိတ်ကိုရောက်တယ်၊ ပါလာတဲ့သူ ၁၁ ယောက်ကို ခေါ်ပြီးတော့ နာမည်နေရပ်လိပ်စာ မေးတယ်၊ စစ်ရင်းနဲ့ကြာသွားတဲ့အခါ အသုဘချပြီးပြီဆိုပြီး ဖုန်းဝင်လာတဲ့အခါ ကျနော်တို့ကို သွားခွင့်ပြုလိုက်တယ်၊ ကျနော်တို့ ရောက်တဲ့အချိန်မှာ အသုဘကို မမီတော့ဘူး” ဟု ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးရာတွင် မြို့နယ်မှူး၊ စခန်းမှူးများက တဦးချင်းစီ ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးခံရသူများမှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ လူငယ်များ၊ သမဂ္ဂအရေးလှုပ်ရှားနေသည့် ကျောင်းသားလူငယ်များ ပါဝင်သည်။

၎င်းတို့အဖွဲ့က အရပ်သားနှစ်ဦးကို စစ်တပ်က သေနတ်ဖြင့် ပစ်ခက်ခဲ့သည့်နေရာကို သွားရောက်ကြည့်ရှုခဲ့ပြီး သေဆုံးသူနှစ်ဦး၏ မိသားစုဝင်များကို အားပေးစကားပြောကြားခဲ့ကြောင်း ကိုဖိုးဖြူက ဆက်ပြောသည်။

“ကျနော်တို့ရောက်သွားတဲ့အချိန်မှာ အသုဘချပြီးသွားပြီ၊ အဲလိုမမီတဲ့ အခါကြတော့ ကျနော်တို့လည်း မိသားစုတွေကို အားပေးတယ်၊ အကူညီရှိနိုင်တာကို ဖြည့်ဆည်းပေးနိုင်ဖို့ ပြောတယ်၊ အားလုံးတော့ အဆင်ပြေတယ်လို့ မိသားစုက ပြောတယ်၊ မိသားစုတွေက ခြိမ်းခြောက်ခံထားရပါတယ်၊ သူတို့ကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးတာတို့ ရရှိနိုင်ဖို့ တားဆီးပိတ်ပင်ခံထားရတဲ့ အနေအထားတွေကို တွေ့ရပါတယ်” ဟု ပြောသည်။

အဆိုပါ အရပ်သားလူငယ်များကို စစ်တပ်က ပစ်သတ်ခဲ့ခြင်းသည် တပ်မတော်၏ စစ်စည်းကမ်းဥပဒေကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း ကိုဖိုးဖြူက ဥပဒေကြောင်းအရ ပြောသည်။

“မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေရယ်၊ ၆၀ ခုနှစ် နည်းဥပဒေရယ် တိုင်းပြည်စစ်မှုထမ်းချိန် ဆိုတာ၊ စစ်ချီတက်ချိန်၊ စစ်တိုက်နေချိန် ရန်သူနဲ့ နယ်ခြားရှိနေတဲ့အချိန်မှာ သေနတ်ပစ်ကျည်ဖောက် မီးခိုးထွက်ရတဲ့ အချိန်ပါ၊ တိုင်းပြည် အေးချမ်းနေပါတယ်၊ ဖွံ့ဖြိုးတိုးတက်နေပါတယ် ဆိုတဲ့အချိန်မှာ အရပ်သားတွေကို ပစ်သတ်ခဲ့တာဟာ တရားဥပဒေဘယ်နည်းနဲ့မှ စိုးမိုးနေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

နာရေးကိစ္စဖြင့် ခရီးသွားလာရာတွင် အာဏာပိုင်များက ထိန်းသိမ်းတားမြစ်ပြီး ခေါ်ယူစစ်ဆေးမှုများသည် မြန်မာနိုင်ငံသားများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာ ပိုမိုထင်ရှားကြောင်း ၎င်းက ဆက်ပြောသည်။

“မြန်မာပြည်မှာ ရွေးကောက်ပွဲတောင် မလုပ်ရသေးဘူး နာရေးကိစ္စသွားလာတာတောင် တားမြစ်ပိတ်ပင် ခံရတယ်၊ တစ်အချက်က မြန်မာနိုင်ငံသားတွေဟာ လွတ်လပ်စွာ သွားလာခွင့်ကို ချိုးဖောက်ခံရတယ်၊ နှစ် အချက်က တိုင်းကြားအမှုဖွင့်ခြင်းမရှိဘဲ တဦးတယောက်ချင်းစီကို ခေါ်ယူစစ်ဆေးခြင်းပြုလုပ်တယ်၊ ဒါဟာ ဥပဒေပြဌာန်းချက်နဲ့ မညီဘူး၊ ချိုးဖောက်တယ် ဒါဟာ အလွန်ကို စိတ်မကောင်းစရာ ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်” ဟုပြောသည်။

စစ်တပ်က အရပ်သားလူငယ်နှစ်ဦးဖြစ်သည့် မောင်အောင်သူဟိန်းနှင့် မောင်စိုးပိုင်ဇော်တို့ကို ပစ်သတ်ခဲ့သည်ကို ပဲခူးတမြို့လုံးက မကျေမနပ်ဖြစ်နေကြပြီး အာဏာပိုင်များဖက်က လူထုဆူပူမှုများဖြစ်လာမည်ကို အထူးစိုးရိမ်လျှက်ရှိကာ တမြို့လုံးအနှံ့ လုံခြုံရေးများ တင်းကြပ်စွာချထားသည်။

၎င်းသေဆုံးသွားသူများ၏ ဈာပနခရီးကို ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆင်ဖြူကွင်းသုဿန်သို့ မြို့ခံလူထု (၂,၀၀၀) ခန့်က လိုက်ပါပို့ဆောင်ခဲ့ကြပြီး လာမည့် ၁၁ ရက်နေ့တွင် ရက်လည်ဆွမ်းကျွေး ပြုလုပ်မည်ဖြစ်သည်။

No comments:

Post a Comment