ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Sep 9, 2010

(၇၁) နှစ်မြောက် ဆရာတော် အသျှင်ဦးဥတ္တမ အထိမ်းမှတ် အခမ်းအနားကျင်းပ

ဖြိုးကြီး၊ စက်တင်ဘာ ၉၊ ၂၀၁၀

(၇၁) နှစ်မြောက် ဆရာတော် အသျှင်ဦးဥတ္တမ အထိမ်းမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ထိုင်းနိုင်ငံရောက် ရခိုင်တိုင်းရင်းများက စုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ဧည့်ပရိတ်သတ် (၆၀) ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ပွဲဖြစ်မြောက်ရေးကော်မတီဝင် တဦးက “ဆရာတော်ဟာ မြန်မာ့လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့သူ ဖြစ်တယ်၊ ဒါပေမဲ့ မြန်မာပြည်မှာ စစ်အာဏာရှင် တက်လာပြီးကတည်းက အဲလိုအထိမ်းအမှတ်တွေကို ရိုက်ချိုးခံရတယ်၊ အဲဒါကြောင့် လူငယ်တွေက ဆရာတော် ဦးဥတ္တမ ဘာလုပ်ခဲ့တယ်ဆိုတာ မသိကြဘူး အဲဒါတွေကို သိဖို့လိုတယ်၊ သူ့ရဲ့ ကျေးဇူးတရား အကျိုးစွန့်ဆောင်ရွက်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြုလုပ်တာဖြစ်တယ်” ဟု ပြောသည်။

ဆရာတော် အသျှင် ဦးဥတ္တမသည် မြန်မာ့လွတ်လပ်ရေးနှင့် အာရှတိုက်၏ မီးရှုးတန်ဆောင်ဖြစ်ပြီး မြန်မာပြည်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မျိုးစေ့ချပေးခဲ့သည့် သံဃာ့အာဇာနည်တပါးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဆရာတော်ဟာ လူ့အခွင့်အရေး ဒီမိုကရေစီလမ်းစဉ်ကို ချပေးခဲ့တယ်၊ ဒါပေမဲ့ အာဏာရှင်တွေလက်ထက်မှာ လူ့အခွင့်အရေး ဒီမိုကရေစီဆိုတာ ဆိတ်သုဉ်းခဲ့ရတယ်၊ ဆရာတော်က ဒါမျိုးတွေ လုပ်ခဲ့တယ်၊ နိုင်ငံရေးဆိုတာ ဘာလဲ၊ မကောင်းတာကို မကောင်းဘူးဆိုတာ ဝေဖန်ပိုင်ခွင့် လူထုမှာ ရှိတယ်၊ ဒါဟာ လူ့အခွင့်အရေးဖြစ်တယ်ဆိုတာ ပြောခဲ့တယ်၊ အဲဒါကို ပြည်သူတွေကို အဲဒါသိအောင် လုပ်ပေးဖို့လိုတယ်၊ လုပ်ရမယ်” ဟု ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ရခိုင်အလုပ်သမားတဦးကလည်း ဆရာတော် အသျှင်ဦးဥတ္တမသည် ဂုဏ်ပြုထိုက်၊ ပူဇော်ထိုက်သည့် ပုဂ္ဂိုလ်တဦးဖြစ်သည့်အတွက် လာရောက်ရခြင်းဖြစ်ကြောင်း ပြောသည်။

“ပြည်တွင်းက လူတွေအတွက် ဒီလိုအခမ်းအနားတက်ရောက်ဖို့ဆိုတာ တော်တော်ခက်ခဲ့တဲ့ အနေအထားမျိုး ရှိတယ်၊ စစ်အစိုးရတွေရဲ့ အုပ်ချုပ်မှုအောက်မှာ ဒီလိုစည်းစည်းရုံးရုံးနဲ့ တက်ရောက်ဖို့ဆိုတာ လွယ်လွယ်ကူကူဖြစ်နိုင်ဖို့ အတိုင်းအတာ မမြင်ဘူး၊ အခုလို တက်ရောက်ရတာ အရမ်းဝမ်းသာတယ်” ဟု ပြောသည်။

ဆရာတော် အသျှင်ဦးဥတ္တမကို ၁၈၇၉ ခုနှစ်ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ခမည်းတော် ဦးမြ၊ မယ်တော် ဒေါ်အောင်ကျော့တို့မှ ရခိုင်ပြည်၊ စစ်တွေမြို့ ရူပရွာတွင် မွေးဖွားသန့်စင်ခဲ့ပြီး မွေးချင်းများအနက် အကြီးဆုံး သားဖြစ်သည်။

ဆရာတော်သည် မြန်မာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် နယ်ချဲ့ မကြောက်တရားနှင့် အမျိုးဘာသာ သာသနာအတွက် ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောခဲ့သူဖြစ်ပြီး ပြည်သူလူထုအား လွတ်လပ်ရေးအသိအမြင် ဖွင့်ပေးခဲ့သည့်အတွက် အင်္ဂလိပ်အစိုးရ၏ နှိပ်စက်ခြင်းကိုလည်း ခံခဲ့ရသူဖြစ်သည်။

အသျှင်ဥတ္တမသည် မြန်မာလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ၁၉၃၉ ခုနှစ်စက်တင်ဘာ (၉)ရက်နေ့ သက်တော် (၆၀) ဝါတော် (၄၀) အရွယ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

No comments:

Post a Comment