ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jun 12, 2009

ယခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် လယ်သမားများ အခက်တွေ့

Thursday-11 June 2009 ဉာဏ်မောင်

နာဂစ်မုန်တိုင်း တိုင်ခတ်ခံခဲ့ရသည့် လပွတ္တာမြို့နယ်အတွင်းရှိ လယ်သမားများမှာ ယခုနှစ်စပါး စိုက်ပျိုးရာသီတွင် စိုက်ပျိုးနိုင်ခြင်းမရှိဘဲ အခက်အခဲများ ကြုံနေရသည်။

ပြီးခဲ့သည့်နှစ် စပါးစိုက်ပျိုးချိန်တွင် မျိုးစပါး၊ ထွန်စက်များ ထုတ်ပေးခဲ့သော်လည်း စပါးထွက်နှုန်းမကောင်းသည့်အပြင် အရှုံးပေါ်ခဲ့ပြီး ယခုအခါ ပြန်လည်စိုက်ပျိုးရန် အရင်းအနှီး မရှိတော့သည့်အတွက်ကြောင့်ဖြစ်သည်။

“နည်းနည်း ငွေကြေးရှိတဲ့သူတွေက မနှစ်က ရှုံးပေမဲ့ ရှိတာလေးနဲ့လုပ်တာ၊ မရှိတဲ့သူကျတော့ ဘယ်လိုမှ မလုပ်နိုင်ဖြစ်နေပြီ၊ ဒီနှစ်မှာက ဒီဇယ်တို့၊ မျိုးစပါးတို့ အကူအညီပေးမဲ့သူကလဲ မရှိတော့ဘူး၊ စိုက်ပျိုးချိန်ရောက်ပေမဲ့ ဘာမှမရှိတော့ ဒီအတိုင်း ကြည့်နေရတယ်” ဟု ဒေသခံ လယ်သမားတဦးက ပြောသည်။

အာဏာပိုင်များက လယ်သမားများအတွက် အမတော်ကြေး ထုတ်ပေးသော်လည်း စပါးစိုက်ပျိုးရန် လုံလောက်မှုမရှိသည့်အတွက် စိုက်ပျိုးရန်မဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“မနှစ်တုန်းက ချေးငွေကို အခုထိ တောင်းတာတော့ မရှိသေးဘူး၊ အမတော်ကြေးတော့ ထုတ်ပေးတယ်၊ ဒါပေမဲ့ ဘယ်လိုမှမလောက်ဘူး၊ စိုက်ပျိုးစရိတ်ကုန်ကျတာက တဧကအတွက်ဆို အနည်းဆုံး သိန်းကျော်ကုန်တာ” ဟု ပြောသည်။

ယမန်နှစ်က လပွတ္တာမြို့နယ်အတွင်း လယ်ထွန်ရန် ကျွဲ၊ နွားများ ထုတ်ပေးခဲ့သော်လည်း လုံလောက်မှုမရှိကြောင်းနှင့် လယ်ထွန်စက်များကိုလည်း ပြန်သိမ်းသွားကြောင်း ဒေသခံက ဆက်ပြောသည်။

“မနှစ်ကတုန်းက စက်မှုလယ်ယာက လာပြီးလုပ်ပေးတယ်၊ ဒီနှစ်ဘယ်သူမှမလာဘူး၊ စက်တွေက ပြန်သိမ်းသွားတာ၊ တချို့ ထားခဲ့တာတွေကတော့ ရှိတယ်၊ ပျက်တာနဲ့၊ ဒီဇယ်ခတောင်မရှိဆိုတဲ့ အခြေအနေ ရောက်နေတာ” ဟု ပြောသည်။

နာဂစ်မုန်တိုင်းပြီးနောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် အခြားမုန်းတိုင်းဒဏ်သင့်ဒေသများတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးသွားပြီး စပါးအထွက်နှုန်းမကောင်းတော့သဖြင့် စပါးစိုက်ရန် ခက်ခဲသည့် အခြေအနေ ကြုံတွေ့နေလျှက်ရှိသည်။

No comments:

Post a Comment