ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jun 10, 2009

(KNLA) နှင့် နအဖ-ဒီကေဘီအေ ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွား

Saturday-06 June 2009 ရိုးမ ၃

ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၂) နှင့် နအဖ- ဒီကေဘီအေပူးပေါင်းတပ်များ ယနေ့ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး အကျအဆုံးရှိကြောင်း သိရသည်။

ယနေ့ နေ့လည်ပိုင်းက တပ်မဟာ (၇) နယ်မြေအတွင်းရှိ 'လယ်ပေါ်ဟဲ' ဒုက္ခသည်စခန်းအတွင်းသို့ နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ညနေပိုင်းတွင် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

“ဒီညနေ (၄) နာရီ (၁၀) မိနစ်မှာ စပြီး တိုက်ပွဲဖြစ်တာ၊ ရန်သူဘက်က လာထိုးစစ်ဆင်တာ၊ ဒီကေဘီအေ (၉၉၉) အဖွဲ့နဲ့ဖြစ်တာ၊ အခုတော့ တိုက်ပွဲက နည်းနည်းလေး ငြိမ်သွားပြီ” ဟု (KNLA) တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် တနာရီကျော်ကြာမြင့်ပြီး (KNLA) ဘက်မှ အကျအဆုံးစာရင်းကို အတိအကျ မသိရသေးကြောင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“နအဖက နောက်ကနေ လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်ပေးနေတာ၊ အခုတောင် တချက်တချက် ကြားနေရသေးတယ်၊ ဒီကေဘီအေတွေကတော့ အခု နောက်ဆုတ်သွားတယ်၊ နောက်ပြန်ထပ်တက်ရင် ဒီည ရှင်းလင်းလို့မပြီးဘူး၊ အသေအပျောက်တော့ နှစ်ဖက်စလုံး ရှိတယ်” ဟု ပြောသည်။

ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KLNA) အနေဖြင့် စစ်ရေးပြင်ဆင်မှုများ အဆင့်သင့်ရှိနေပြီး ဒီကေဘီအေအဖွဲ့များက ထပ်မံ ထိုးစစ်ဆင်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

No comments:

Post a Comment