ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jun 10, 2009

ခန္တီးထောင်အတွင်း၌ ကိုဒီငြိမ်းလင်း ကျန်းမာရေးအတွက် စိုးရိမ်နေရ

Monday-01 June 2009 ရိုးမ ၃

၂၀၀၇ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း ခန္တီးအကျဉ်းထောင်အတွင်း ကျန်းမာရေးအခြေအနေ ကောင်းမွန်ခြင်းမရှိဘဲ လုံလောက်မှုမရှိသည့် ထောင်တွင်းကျန်းမာရေးမှူးဖြင့်သာ ဆေးဝါးကုသနေရသည့်အတွက် စိုးရိမ်နေရကြောင်း သူ၏ မိသားစုဝင်က ပြောသည်။

ခန္တီးထောင်အတွင်း၌ အဖျားတက်ပြီး ငှက်ဖျားရောဂါ ရှိမရှိကို သွေးစစ်ထားပြီး အဖြေမသိရသေးကြောင်း ပြီးခဲ့သည့်လ (၂၆) ရက်နေ့က ထောင်ဝင်စာ သွားရောက်တွေ့ခဲ့သည့် မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောသည်။



ကိုဒီငြိမ်းလင်း

ကိုဒီငြိမ်းလင်း (ဓါတ်ပုံ - www.fbppn.net)
“ဒီငြိမ်းလင်း ကျန်းမာရေးမကောင်းတာက (၈) ရက်နေ့ကနေ (၁၂) ရက်နေ့အထိ ဖျားတာ၊ ရေသောက်ရေအန်၊ အစာစားရင် အကုန်ပြန်အန်၊ ခေါင်းလဲမူးတယ်၊ အဲလိုတွေဖြစ်တာ၊ ထောင်မှာက ဆေးမှူးပဲရှိတယ်၊ ဆေးတိုက်တာတော့ ရှိတယ်၊ လက် ၁၀ ချောင်းစလုံးကို ငှက်ဖျားရှိမရှိ သွေးဖောက်စစ်ထားတယ်၊ အဖြေကတော့ မသိခဲ့ရသေးဘူး” ဟု ပြောသည်။

ထောင်ဝင်စာသွားတွေ့ရာတွင် ကုန်ကျစရိတ်နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများလည်း ကြုံတွေ့ရကြောင်း ကိုဒီငြိမ်းလင်း၏ မိခင်ဖြစ်သူက ဆက်ပြောသည်။

“သွားရတာက လမ်းပန်းဆက်သွယ်ရေးက တော်တော်ကို ဆိုးတယ်၊ မော်လိုက်မှာ တညအိပ်ခဲ့ရသေးတယ်၊ နောက် ဟုမ္မလင်းမှာ တညအိပ်ပြီးမှ ခန္တီးကို ရောက်တာ၊ ကုန်ကျစရိတ်ကလဲ အစစအရာရာ ဈေးနှုန်းတွေက မြင့်တယ်၊ ရန်ကုန်ကနေ အသွားအပြန်ဆို ၁၀ ရက်လောက် ကြာတယ်” ဟု ပြောသည်။

ခန္တီးထောင်တွင်းအခြေအနေမှာ အကျဉ်းသားများအတွက် ကောင်းမွန်စွာ နေထိုင်နိုင်ခြင်းမရှိကြောင်းနှင့် တောင်ကျချောင်းရေကိုသာ သုံးစွဲနေရသဖြင့် အရေပြားရောဂါများ ဖြစ်ပွားနေသည့်အတွက် သားဖြစ်သူအတွက် ကျန်းမာရေးကို စိုးရိမ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ရေချိုးရတာကလဲ ချောင်းရေကို သုံးရတော့ ကိုယ်တွေ ယားကြတယ်လို့ပြောတယ်၊ နေရတာကလဲ တကယ့်တောခေါင်ခေါင်ကြီးထဲမှာ နေရတာ၊ ဆေးဝါးအခက်အခဲ အစားအသောက်အခက်ခဲတွေ ရှိတယ်” ဟု ပြောသည်။

ကိုဒီငြိမ်းလင်းအခြေအနေနှင့်ပတ်သက်၍ မိခင်ဖြစ်သူက သက်ဆိုင်ရာ ထောင်အာဏာပိုင်များထံ မကြာခင် စာရေးပြီး တောင်းဆိုမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဒေါ်ဌေးဌေးဝင်းက ဆက်ပြောသည်။

“သားကို အပြင်ဆေးခန်းပြနိုင်ဖို့အတွက် သက်ဆိုင်ရကို စာရေးတင်ပြ တောင်းဆိုမယ်၊ နောက်ပြီး ဖြစ်နိုင်ရင် ထောင်ပြောင်းပေးဖို့ပါ ထည့်သွင်းတောင်းဆိုမှာပါ” ဟု ပြောသည်။

ကိုဒီငြိမ်းလင်းအား စစ်အစိုးရ အာဏာပိုင်များက ယခုနှစ်ဆန်းပိုင်းက ထောင်ဒဏ် (၁၅) နှစ်ချမှတ်ခဲ့ပြီး ခန္တီးထောင်သို့ ဖေဖော်ဝါရီလအတွင်းက ပြောင်းရွှေ့ခဲ့သည်။

ပြီးခဲ့သည့်လအတွင်းကလည်း သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရကို စစ်ကိုင်းတိုင်း၊ ခန္တီးထောင်မှ ကလေးထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ညှဉ်းပန်းနှိပ်စက်မှုများလည်းရှိကြောင်း ထောင်ဝင်စာသွားတွေ့သည့် မိသားစုဝင်တဦးက ပြောသည်။

“ဆရာတော်က ဖွင့်မပြောပေမဲ့ သူ့ပုံစံက နှိပ်စက်ခံထားရတာ သိသာတယ်၊ လက်မှာလဲ ထိခိုက်ဒဏ်ရာရထားတာတွေ တွေ့တယ်၊ သူ့ပုံစံက အားနည်းနေတဲ့ပုံ ပေါက်နေတယ်၊ စကားပြောတာတောင် လေသံက တိုးတိုးလေးပဲ၊ ဒါပေမဲ့ စိတ်ဓါတ်ကတော့ မာနေတာပဲ” ဟု ပြောသည်။

စစ်အစိုးရအာဏာပိုင်များက ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အများအပြားကို နှစ်ရှည်ထောင်ဒဏ်များချမှတ်ကာ မိသားစုများနှင့်ဝေးလံသည့် နယ်အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့သည်။

No comments:

Post a Comment